ကျားဖြန့်ကိစ္စ ပြည်ပနိုင်ငံများ စွက်ဖက်မှု လက်မခံရေး စစ်ကော်မရှင်နှင့် တရုတ် ဆွေးနွေး

ကျားဖြန့်ကိစ္စ ပြည်ပနိုင်ငံများ စွက်ဖက်မှု လက်မခံရေး စစ်ကော်မရှင်နှင့် တရုတ် ဆွေးနွေး
001
မဇ္ဈိမ။ ။ အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ကိစ္စတွင် ပြည်ပနိုင်ငံများ စွက်ဖက်မှုလက်မခံရေး စစ်ကော်မရှင်၏ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီး ဌာနလက်ထောက်ဝန်ကြီး လျိုကျုံးရိတို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ယနေ့ (ဒီဇင်ဘာ ၁၃) ထုတ် စစ်ကော်မရှင်ထိန်းချုပ် သတင်းစာများတွင်ဖော်ပြသည်။
နေပြည်တော်သို့ ရောက်ရှိလာသည့် လျိုကျုံးရိ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်ကော်မရှင်၏ ပြည်ထဲ ရေးဝန်ကြီးတို့ ယမန်နေ့ (ဒီဇင်ဘာ ၁၂) က တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။
စစ်ကော်မရှင်၏ ထုတ်ပြန်ချက်တွင် “(အွန်လိုင်းလိမ်လည်မှု) Online Scam ကိုအကြောင်းပြ၍ ပြည်ပနိုင်ငံများမှ ဝင်ရောက်စွက်ဖက်မှု လက်မခံရေး” ဆွေးနွေးသည်ဟုသာ ဖော်ပြထားပြီး မည်သည့်ပြည်ပနိုင်ငံများဖြစ်ကြောင်း မပါရှိပေ။
ထို့ပြင် ကျားဖြန့်တိုက်ဖျက်ရေးနှင့် ပတ်သက်ပြီး နှစ်နိုင်ငံနှင့် ဒေသတွင်း နိုင်ငံများအကြား ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ရေး၊ စစ်ကော်မရှင်၏ ကျားဖြန့်တိုက်ဖျက်ရေးဗဟိုကော်မတီကို တရုတ်က ထောက်ခံကြောင်းနှင့် ပါဝင်ပူးပေါင်းပြီး အကောင်အထည်ဖော်ရေးတို့နှင့် ပတ်သက်ပြီးလည်း ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်သည်။
လျိုကျုံးရိသည် ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်လည်း တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများ၊ နယ်စပ်ဒေသရှိ ကျားဖြန့်တိုက်ဖျက်ရေး၊ တရုတ်နိုင်ငံသားများ ပြန်လည်လွှဲပြောင်းပေးရေးတို့ကို ဆွေးနွေးခဲ့ကြောင်း ဆိုသည်။
စစ်ကော်မရှင်နှင့် တရုတ် နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့တို့ ထိုင်း- မြန်မာနယ်စပ် မြဝတီဒေသရှိ ကျားဖြန့်တိုက်ဖျက်ရေးဆောင်ရွက်နေသည့် အခြေအနေများကို သွားရောက်ကွင်းဆင်း လေ့လာရန်ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားအပါအဝင် အရှေ့တောင်အာရှနိုင်ငံများရှိ အွန်လိုင်းငွေလိမ် လုပ်ငန်း(ကျားဖြန့်) များကို နှိမ်နင်းရန် ကျားဖြန့်တိုက်ဖျက်ရေးအထူးအဖွဲ့ (Scam Center Strike Force)ကို ဖွဲ့စည်းလိုက်ကြောင်း အမေရိကန်နိုင်ငံက ပြီးခဲ့သည့် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးနောက် တလအကြာတွင် စစ်ကော်မရှင်နှင့် တရုတ်တို့အကြား ယခုဆွေးနွေးမှုပေါ်ပေါက်လာခြင်းဖြစ်သည်။
“အမေရိကန်နိုင်ငံက သူတို့နိုင်ငံသားတွေကို အွန်လိုင်းလိမ်လည်မှုကနေ ကာကွယ်ဖို့အတွက် Scam Center Strike Force (SCSF) ဖွဲ့ပြီး ဆောင်ရွက်နေကြောင်း ထုတ်ပြန်ခဲ့သလို အောက်လွှတ်တော်မှာလည်း မြန်မာ့အရေးဆွေးနွေးမှုတွေ ပြုလုပ်ပြီး အွန်လိုင်းလိမ်လည် လောင်းကစားမှု နှိမ်နင်းရေးကိစ္စတွေကို ဝင်ရောက်စွက်ဖက်ဖို့ ပြောဆိုလာတာတွေ တွေ့ရှိရပါတယ်။ ဒါဟာ ပွဲလန့်တုန်းဖျာခင်းတဲ့ကိစ္စလို့ ကျွန်တော်တို့ မြင်ပါတယ်” ဟု စစ်ကော်မရှင်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ပြီးခဲ့သည့် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ပြောဆိုခဲ့သည်။
စစ်ကော်မရှင်အနေဖြင့် လက်ရှိတွင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ကျားဖြန့်လုပ်ငန်းများ လုပ်ကိုင်ရာ KK Park နှင့် ရွှေကုက္ကိုလ်နယ်မြေများရှိ အဆောက်အအုံများကို ဖောက်ခွဲဖျက်စီးပြခြင်းများ လုပ်ဆောင်နေပြီး ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၀ ရက်နေ့ကလည်း ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ဦးဆောင်သည့် ကျားဖြန့်တိုက်ဖျက်ရေးဗဟိုကော်မတီကို ဖွဲ့စည်းခဲ့သည်။
စာတည်း – သန့်ဇော်(သန်လျင်)
ဓါတ်ပုံ – အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ကိစ္စတွင် ပြည်ပနိုင်ငံများ ဝင်ရောက်စွက်ဖက်မှုလက်မခံရေး စစ်ကော် မရှင်၏ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနလက်ထောက်ဝန်ကြီး လျိုကျုံးရိတို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ယနေ့ (ဒီဇင်ဘာ ၁၃) ထုတ် စစ်ကော်မရှင်ထိန်းချုပ် သတင်းစာများတွင်ဖော်ပြသည်။ (စစ်ကော်မရှင်)