ဗင်နီဇွဲလားမြေပေါ် စစ်ဆင်ရေး စပြီဟု သမ္မတထရမ့် ကြေညာ၊ “မူးယစ်စခန်းများကို မြေလှန်ချေမှုန်းမည်”

ဗင်နီဇွဲလားမြေပေါ် စစ်ဆင်ရေး စပြီဟု သမ္မတထရမ့် ကြေညာ၊ “မူးယစ်စခန်းများကို မြေလှန်ချေမှုန်းမည်”
ဗင်နီဇွဲလားနိုင်ငံအတွင်းရှိ မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးနေသူများကို ပစ်မှတ်ထားပြီး အမေရိကန်စစ်တပ်က “ကုန်းမြေစစ်ဆင်ရေး” (Land Strikes) စတင်တော့မည်ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က အတိအလင်း ထုတ်ဖော်ပြောကြားလိုက်ရာ နှစ်နိုင်ငံအကြား စစ်ရေးတင်းမာမှု အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိသွားပြီ ဖြစ်ပါတယ်။
“သူတို့ ဘယ်မှာနေလဲ ကျွန်တော်တို့ သိတယ်”
ပင်လယ်ပြင်တွင် မူးယစ်မှောင်ခိုလှေများကို နှိမ်နင်းနေရသည်မှာ ခက်ခဲသော်လည်း ကုန်းမြေပေါ်တွင် ရှင်းလင်းရသည်မှာ ပိုမိုလွယ်ကူကြောင်း သမ္မတထရမ့်က ဆိုပါတယ်။ “ကုန်းမြေပေါ်က စစ်ဆင်ရေးတွေ မကြာခင် စတော့မယ်။ ကုန်းမြေက ပိုလွယ်တယ်။ သူတို့ ဘယ်လမ်းကြောင်းတွေ သုံးလဲ၊ ဘယ်မှာနေလဲ၊ လူဆိုးတွေ ဘယ်နေရာမှာ ပုန်းနေလဲဆိုတာ ကျွန်တော်တို့ အကုန်သိထားပြီးပြီ” ဟု ထရမ့်က သတိပေး ပြောကြားခဲ့ပါတယ်။
ဤကြေညာချက်သည် ကာရစ်ဘီယံပင်လယ်ပြင်၌ “Operation Southern Spear” အမည်ဖြင့် ပြုလုပ်နေသော အမေရိကန်၏ စစ်ရေးလှုပ်ရှားမှုများကို ကုန်းတွင်းပိုင်းအထိ ချဲ့ထွင်လိုက်ခြင်းလည်း ဖြစ်ပါတယ်။
ရေနံတင်သင်္ဘော သိမ်းဆည်းမှုနှင့် စစ်ရေးအရှိန်
ဒီဇင်ဘာလအစောပိုင်းကပင် အမေရိကန် အထူးတပ်ဖွဲ့များက ဗင်နီဇွဲလားကမ်းလွန်တွင် ရေနံတင်သင်္ဘောကြီးတစ်စီးကို ဝင်ရောက်စီးနင်း သိမ်းဆည်းခဲ့ပြီးနောက် ယခုကဲ့သို့ ကုန်းမြေစစ်ဆင်ရေးသတင်း ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။ အမေရိကန်အစိုးရက ဗင်နီဇွဲလားစစ်ဘက်ခေါင်းဆောင်များကို “Narco-terrorists” (မူးယစ်အကြမ်းဖက်သမားများ) အဖြစ် သတ်မှတ်ထားပြီး ၎င်းတို့၏ ဘဏ္ဍာရေးလမ်းကြောင်းများကို ဖြတ်တောက်ရန် ရည်ရွယ်ကြောင်း ဆိုပါတယ်။
သို့သော် ဗင်နီဇွဲလားသမ္မတ မာဒူရိုအစိုးရနှင့် နိုင်ငံတကာ လေ့လာသူအချို့ကမူ ဒါဟာ မူးယစ်နှိမ်နင်းရေး ခေါင်းစဉ်တပ်ထားသော်လည်း အမှန်တကယ်တွင် အစိုးရဖြုတ်ချရေး (Regime Change) အတွက် ရည်ရွယ်သော ကျူးကျော်စစ်ဆင်နွှဲရန် ပြင်ဆင်မှုသာဖြစ်ကြောင်း ဝေဖန်နေကြပါတယ်။
စိုးရိမ်ရေမှတ် မြင့်တက်
လက်ရှိတွင် အမေရိကန် ရေတပ်သင်္ဘောများ၊ ဒရုန်းများနှင့် စစ်သည်အင်အား အများအပြားကို ဒေသတွင်းသို့ ပို့ဆောင်ထားပြီးဖြစ်ရာ၊ အကယ်၍ အမေရိကန်ဒုံးကျည်များ သို့မဟုတ် တပ်ဖွဲ့ဝင်များ ဗင်နီဇွဲလားမြေပေါ်သို့ ကျရောက်သွားပါက ဒေသတွင်းစစ်မီးကြီး တစ်ခုအသွင် ကူးပြောင်းသွားနိုင်ကြောင်း စစ်ရေးကျွမ်းကျင်သူများက သုံးသပ်နေကြပါတယ်။
#Venezuela #Trump #USMilitary #WarOnDrugs #Geopolitics #Maduro #BreakingNews #OperationSouthernSpear

အမေရိကန်က ကျားဖြန့် တိုက်ဖျက်ရေး အရှိန်မြှင့်လာချိန် မြန်မာနိုင်ငံတွင် ကျားဖြန့် Online Scam အကြောင်းပြ၍ ပြည်ပနိုင်ငံများက ဝင်ရောက်စွက်ဖက်မှု တရုတ်က လက်မခံဟုဆို
ရန်ကုန်၊ ဒီဇင်ဘာ ၁၃
မြန်မာနိုင်ငံတွင် ကျားဖြန့် Online Scam ကိုအကြောင်းပြ၍ ပြည်ပနိုင်ငံများက ဝင်ရောက်စွက်ဖက်မှု တရုတ်က လက်မခံကြောင်း တရုတ် ပြည်သူ့လုံခြုံရေး လက်ထောက်ဝန်ကြီး မစ္စတာလျိုကျုံးရိက ပြောဆိုသည်။
ယမန်နေ့ နေပြည်တော်တွင် စစ်တပ်ခန့် ပြည်ထဲရေးဝန်ကြီး ဆိုသူ ထွန်းထွန်းနောင်နှင့်တွေ့ဆုံစဉ် တရုတ် ပြည်သူ့လုံခြုံရေး လက်ထောက်ဝန်ကြီး မစ္စတာလျိုကျုံးရိက ထိုသို့ ပြောဆိုခြင်းဖြစ်သည်။
နှစ်နိုင်ငံ တွေ့ဆုံစဉ် Online Scam တိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံနှင့် ဒေသတွင်းနိုင်ငံ များအကြား ပေါင်းစပ်ညှိနှိုင်း ဆောင် ရွက်ရေး၊ Online Scam ကိုအကြောင်းပြ၍ ပြည်ပနိုင်ငံများက ဝင်ရောက်စွက်ဖက်မှု လက်မခံရေး၊ အွန်လိုင်းလိမ် လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု များတိုက်ဖျက်ရေး ကြီးကြပ်မှုဗဟိုကော်မတီ၏ လုပ်ငန်းစဉ်များကို တရုတ်နိုင်ငံအနေ ဖြင့် ထောက်ခံကြောင်း၊ ပါဝင်ပူးပေါင်းပြီး အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း စစ်တပ်က သတင်းထုတ်ပြန်သည်။
မြန်မာ – တရုတ် နှစ်နိုင်ငံအကြား လုံခြုံရေးနှင့် တရာဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ၊ နယ်စပ်ဒေသများရှိ အွန်လိုင်းလိမ်လည်မှု (Online Scams)နှင့် အွန်လိုင်းလောင်းကစားမှု (Online Gambling) တိုက်ဖျက်ရေးဆိုင်ရာကိစ္စရပ်များ၊ တရုတ် နိုင်ငံသားများကို ရှာဖွေကူညီကယ်တင်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ပြန်လည်လွှဲပြောင်းပေးရေး၊ နိုင်ငံဖြတ်ကျော်မှုခင်းများဆိုင်ရာ မူဆယ်-တယ်ဟုန် ခရိုင်အဆင့် ရဲတပ်ဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ(မူကြမ်း)တို့ကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
တရုတ်ကိုယ်စားလှယ်အဖွဲ့က မြဝတီဒေသရှိ Online Scam တိုက်ဖျက်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို သွားရောက်ကွင်းဆင်းလေ့လာရန် ရှိနေကြောင်း သိရှိရသည်။
ဒီဇင်ဘာလ ၄ ရက်နေ့ အမေရိကန် အောက်လွှတ်တော်တွင် အမေရိကန်နိုင်ငံသားအများအပြားကို ပစ်မှတ်ထား လိမ်လည်နေသော နိုင်ငံဖြတ်ကျော်ကျားဖြန့်ဂိုဏ်းများကို ဖြိုခွင်းနှိမ်နင်းရေး ဥပဒေကို အတည်ပြု လိုက်ခဲ့သင်္ည။
အဆိုပါဥပဒေအရ H.R. 5490 – ကျားဖြန့် နိုင်ငံခြားသားလိမ်လည်မှုဂိုဏ်းများကို ဖြိုခွဲရေးဥပဒေ ကို အတည်ပြုလိုက်ခြင်းဖြစ်ပြီး အမေရိကန်နိုင်ငံသားများကို အစုလိုက်အပြုံလိုက် အွန်လိုင်းမှ လိမ်လည်မှုများ ကျူးလွန်နေသော နိုင်ငံဖြတ်ကျော် ကျားဖြန့် ရာဇဝတ်ဂိုဏ်းများကို ဖြိုခွဲရေး ဥပဒေကို ဒီမိုကရက်နှင့် ရီပတ်ဘလစ်ကန်ပါတီ ၂ ရပ်စလုံးက ထောက်ခံခဲ့ကြခြင်းဖြစ်သည်။