တောင်ငူလေတပ်ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်မှု ခဲယမ်းနှင့်ဗုံး ဂိုဒေါင်ထိမှန်ခဲ့ပြီး လုံခြုံရေးယူသူ ၆ ဦးသေဆုံးခဲ့ဟုဆို (ရုပ်/သံ)
ရန်ကုန်၊
ပဲခူးတိုင်း၊ တောင်ငူလေတပ်ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့ရာ ခဲယမ်းနှင့်ဗုံးဂိုဒေါင်ကို ထိမှန်ခဲ့ပြီး စစ်တပ်ဘက်မှ လုံခြုံရေးယူသူ ၆ ဦးသေဆုံးခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဒီဇင်ဘာလ ၉ ရက်နေ့ ည ၉ နာရီ ၅၅ မိနစ်အချိန် တောင်ငူမြို့ရှိ အာဏာသိမ်းစစ်အုပ်စု၏ ကေတုမ တီ လေတပ်အတွင်းရှိ ဆီလှောင်ကန်များကို အဓိကပစ်မှတ်ထား၍ ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေတပ်အတွင်းသို့ ကျရောက်ပေါက်ကွဲပြီး ထပ်ဆင့်ပေါက်ကွဲသံများ ကြားရကြောင်း၊ လေယာဉ်ခဲယမ်း နှင့် တန်ဆာဂိုဒေါင် ထိမှန်ခဲ့ပြီး ပေါင် ၁၅၀၊ ပေါင် ၂၀၀၊ ပေါင် ၃၀၀ ဗုံးသီးများ ဂိုဒေါင် ဖြစ်၍ပေါက်ကွဲမှု ပြင်းထန်ကာ နာရီဝက်ကျော်ခန့် ကပ်မ ရအောင် ပေါက်ကွဲ ခဲ့ကြောင်း သိရှိရသည်။
ယမန်နေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ နေ့ခင်းနှင့် ည ၁၀ နာရီနှင့် ည ၁၁ နာရီအကြားတွင်လည်း ပေါက်ကွဲသံများ ထွက်ပေါ်ခဲ့ကြောင်း၊ ရှော့တိုက်ဒုံးထိမှန်ခဲ့သော ဂိုဒေါင်နှင့် ဝန်းကျင် ဂိုဒေါင်များမှ အကင်းမသေသည့် ယမ်းများမှ အပြင်းအထန် ၄ ကြိမ် ပြင်းထန်စွာပေါက်ကွဲ ခဲ့ကြောင်း၊ ပေါက်ကွဲသံများကို တောင်ငူမြို့ ၏နေရာ အတော်များများမှ ကျယ်လောင်စွာ ကြားရကြောင်း၊ ထိုဂိုဒေါင်ပေါက်ကွဲမှုကြောင့် အစများ လွင့်စင်ပြီးအခြားလေယာဉ်ကွင်း နေရာများထိမှန်သည်များလဲရှိခဲ့ကြောင်း သိရှိရသည်။
ယင်းအပြင် ရှော့တိုက်ဒုံး ထိမှန်ပေါက်ကွဲမှုကြောင့် ခဲယမ်းဂိုဒေါင် အနီး လုံခြုံရေး တာဝန်ယူထားသူ ၆ ဦး သေဆုံး ပြီး ဒဏ်ရာရသူများလည်း ရှိကြောင်း ၊လေတပ် တပ်ဖွဲ့ ဝင်များနှင့် မိသားစုများကို အပြင်ထွက်ခွင့်ပိတ်ထားပြီ လိုင်းခန်းများတွင် ဖုန်းများကို လိုက်လံ စစ်ဆေးနေဖြစ်ကြောင်း သိရှိရသည်။
“Primary explosion ကနေ စတဲ့ ပေါက်ကွဲ မှုကလေယာဉ်ဗုံး နဲ့ ယမ်းဂိုဒေါင်မို့ ပေါက်ကွဲမှု အသေးတွေ ဆက်ဖြစ်ပြီး
သူ့ဗုံးနဲ့ သူ စင်ထွက်ကွဲရင်း လေယာဉ်ကွင်းထဲ ထိတာရော။ အကင်းမသေဘဲ ညက ထပ်ဆင့် ပေါက်ကွဲတဲ့ Secondary Explosions ရောမို့ ထိရောက်မှု ရှိတယ်လို့ ခန့်မှန်း ရပါတယ်” ဟု Brave Warriors for Myanmar (BWM) အဖွဲ့ တာဝန်ရှိသူက ရှင်းပြသည်။
အဆိုပါ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်သည့် မစ်ရှင်၏ ရည်ရွယ်ပစ်မှတ်များမှာ ဆီလှောင်ကန်ဖြစ်သော်လည်း ထိမှန်မှုရှိကြောင်းကြားသိရခြင်း မရှိသေးဘဲ အခြားအပျက်အစီးများသာ ရှိသည့်အတွက် နောက်အကြိမ်များတွင် ပိုမို ထိရောက်စေရေး ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။