အသံတိတ်သပိတ်ဆင်နွှဲကြတဲ့ ပြည်သူအပေါင်းကို ဦးညွှတ်ကြောင်း ယာယီသမ္မတ ပြော ပြည်သူတွေရဲ့ လူ့အခွင့်အရေးနဲ့လူ့ဂုဏ်သိက္ခာကို လေးစားလိုက်နာတန်ဖိုးထားဖို့ တော်လှန်ရေးရဲဘော် တွေကို မှာကြား

အသံတိတ်သပိတ်ဆင်နွှဲကြတဲ့ ပြည်သူအပေါင်းကို ဦးညွှတ်ကြောင်း ယာယီသမ္မတ ပြော
ပြည်သူတွေရဲ့ လူ့အခွင့်အရေးနဲ့လူ့ဂုဏ်သိက္ခာကို လေးစားလိုက်နာတန်ဖိုးထားဖို့ တော်လှန်ရေးရဲဘော် တွေကို မှာကြား
ဒီဇင်ဘာ-၁၀၊ ၂၀၂၅။ဆန်အောင်/People’s Spring
စစ်အာဏာရှင်တွေရဲ့ ညှင်းပမ်းရက်စက်မှုတွေကို လက်မခံနိုင်ကြောင်းပြသတဲ့အနေနဲ့ ဒီကနေ့ ဒီဇင်ဘာ ၁၀ရက် အသံတိတ်သပိတ်မှာ ဆင်နွှဲကြတဲ့ ပြည်သူအပေါင်းကို လေးစားစွာဦးညွှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။
ဒီဇင်ဘာ ၁၀ရက်မှာ ကျရောက်တဲ့ (၇၇)နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အထိမ်းအမှတ်စကား ပြောကြားရာမှာ အခုလို ထည့်သွင်းပြောကြားတာ ဖြစ်ပါတယ်။
“လူ့အခွင့်အရေးဆိုတဲ့ အခြေခံ အနှစ်သာရထဲမှာ လူသားလွတ်လပ်ခွင့်ဆိုတာ အရေးကြီးတဲ့ အခြေခံ အုတ်မြစ်အဖြစ် ပါဝင်ပါတယ်။လူသားလွတ်လပ်ခွင့်ကို ပြောတဲ့အခါ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လွတ်လပ်စွာ စုဝေးပိုင်ခွင့်တွေ အပါအဝင် လွတ်လပ်စွာ သွားလာနေထိုင်ခွင့်တွေလည်း ပါဝင်ပါတယ်။ ကျနော်တို့ နိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေ ကန့်သတ်ခံနေရပါတယ်။ကျနော်တို့ နိုင်ငံမှာ အခြေခံ လူသားရပိုင်ခွင့်တွေ ပျောက်ဆုံးနေပါတယ်။စစ်အာဏာရှင်စနစ်နဲ့အတူ ပြည်တွင်းစစ်ဟာ ပြည်သူလူထုအားလုံးရဲ့ အခြေခံ လူသားအခွင့်အရေးတွေကို ယုတ်လျော့ပျက်စီးအောင် လုပ်ဆောင်နေတာဖြစ်ပါတယ်”လို့ ယာယီသမ္မတက ပြောပါတယ်။
လူ့အခွင့်အရေးဆိုတာဟာ ဒီမိုကရေစီစနစ်ကို ခိုင်မာအောင် မတည်ဆောက်နိုင်ဘဲ အာမခံချက်ရှိစွာ ရနိုင်မှာ မဟုတ်ဘူးလို့လည်း ပြောပြပါတယ်။ မြန်မာနိုင်ငံမှာ သမိုင်းဖြတ်သန်းမှုအရ ဒီမိုကရေစီအပြင် ဖက်ဒရယ်စနစ်ကလည်း အထူးအရေးကြီး လိုအပ်နေကြောင်း ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ပြည်သူလူထု အားလုံးကို လူ့အခွင့်အရေးဆိုတာကို မစဉ်းစားနိုင်အောင် ဒီမိုကရေစီဆိုတာကို မပြောရဲအောင် ဖိနှိပ်ရေး ယန္တရားကို အပြည့်အ၀ အသက်သွင်းနေကြောင်း ယာယီသမ္မတက ပြောပါတယ်။
ပြည်သူလူထုဟာ စစ်အာဏာရှင်အစိုးရ အဆက်ဆက် အောက်မှာ လူသားဘ၀ ပီသအောင်နေထိုင်ခွင့် မရခဲ့တာကို တွေ့ခဲ့ရပြီး အခုလည်း စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေနဲ့ လေကြောင်း ဗုံးကြဲမှုတွေကြားထဲမှာ ပြည်သူပေါင်း သန်းနဲ့ချီ ထွက်ပြေး တိမ်းရှောင်နေကြရဆဲဖြစ်ကြောင်း အသိပေးပါတယ်။
ယာယီသမ္မတရဲ့ မိန့်ခွန်းမှာ တော်လှန်ရေးရဲဘော်တွေအနေနဲ့ ပြည်သူလူထုတွေရဲ့ လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာကို လေးစားလိုက်နာ တန်ဖိုးထားဖို့လည်း အလေးထား ပြောကြားပါတယ်။
တော်လှန်ရေးတာဝန်တွေကို ထမ်းရွက်ကြတဲ့အခါ လုပ်ပိုင်ခွင့် အာဏာနဲ့ ကိုင်စွဲထားတဲ့ လက်နက်တွေအပေါ်မှာ သာယာပြီး တချို့လည်း တော်လှန်ရေးကျင့်ဝတ် စံနှုန်းတွေနဲ့ လွဲချော်လာတာကို တွေ့ရ ကြောင်း ယာယီသမ္မတက ထောက်ပြပါတယ်။
ပြည်သူက ပေးအပ်တဲ့ တာဝန်ကို ထမ်းရွက်နေကြတာဖြစ်လို့ ရာထူးအာဏာဆိုတာ တာဝန်အတွက်သာဖြစ်ကြောင်း ပြောပါတယ်။
“ရဲဘော်ရဲဘက်များခင်ဗျာ စစ်မြေပြင်မှာ ဖြစ်ဖြစ် မြေပြင်မှာ ပြည်သူလူထုနဲ့ ထိတွေ့ဆက်ဆံရာမှာ ဖြစ်ဖြစ် လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာကို လေးစားလိုက်နာရမယ့် တော်လှန်ရေးကျင့်ဝတ်စံနှုန်းတွေကို မြဲမြံစွာ ကိုင်စွဲထားကြဖို့ သတိပေးလိုပါတယ်။နွေဦးတော်လှန်ရေးဟာ စစ်အုပ်စုပြုတ်ကျသွားရေး ၊ ဖက်ဆစ်စစ်တပ်ခေါင်းဆောင်တွေ ပြုတ်ကျသွားရေး သပ်သပ်မဟုတ်ဘူးဆိုတာ နားလည်စေချင်ပါတယ်။ စစ်အာဏာရှင် အတွေးအခေါ် အမူအကျင့်တွေ အားလုံး အဆုံးသတ်သွားရေးအထိ ရည်မှန်းတဲ့ တော်လှန်ရေးကြီးဖြစ်ပါတယ်။ ဒါကြောင့် ဖက်ဆစ်အာဏာရှင်ကို တော်လှန်ရင်း ကိုယ်တိုင်က ဖက်ဆစ်တပ် အမူအကျင့် အတွေးအခေါ် လုပ်နည်းလုပ်ဟန်တွေ ကူးစက်မခံရဖို့ အရေးကြီးပါတယ်။ တော်လှန်ရေးကိုယ်ခံအားကောင်းဖို့ အင်မတန်အရေးကြီးတယ်လို့ ကျနော်ပြောချင်ပါတယ်”လို့ ယာယီသမ္မတက ပြောပါတယ်။
ပြည်သူအားလုံးရသင့်တဲ့ လူ့အခွင့်အရေးကို လေးစားစွာ ကာကွယ်စောင့်ရှောက်ကြရမယ်ဆိုတာကိုလည်း နှလုံးသွင်းထားကြဖို့ ယာယီသမ္မတက ပြောကြားပါတယ်။
(စစ်ကောင်စီရဲ့ မြို့တော် ပြင်ဦးလွင်မြို့ရဲ့ လူစည်ကားရာမီးပွိုင့်လမ်းဆုံမှာ အသံတိတ်သပိတ်ကြောင့် ပြည်သူတွေ သွားလာမှုတိတ်ဆိတ်နေတာကို မြင်တွေ့ရစဉ်။ ဓာတ်ပုံ – GSCB)