NUGပြုပြင်ပြောင်းလဲရေးလုပ်ဖို့ တွန့်ဆုတ်ခဲ့ခြင်းမရှိ၊ တိုင်းရင်းသားလက်နက်ကိုင်တွေ ပူးပေါင်း ပါဝင်ဖို့ အကန့်အသတ်ရှိနေဟု ယာယီသမ္မတ ရှင်းပြ
“နွေဦးတော်လှန်ရေးက အောင်မြင်မှုတွေကို တွေ့ရရင် ဒါဟာ ပြည်သူတရပ်လုံးရဲ့ အောင်မြင်မှု ဖြစ်တယ်လို့ ယူဆပြီးနွေဦးတော်လှန်ရေးရဲ့ကျဆုံးမှုတွေ တွေ့ခဲ့ရင် ကျနော်တို့ရဲ့ အားနည်းချက်ဖြစ်တယ်လို့ပဲ ဝန်ခံပြောကြားလိုပါတယ်။” – ယာယီသမ္မတ
ဒီဇင်ဘာ ၈ရက်၊ ၂၀၂၅။ ဆန်အောင်/People’s Spring
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ပြုပြင်ပြောင်းလဲရေးကို ပိုမိုအားကောင်းတဲ့ မဟာမိတ် စုဖွဲ့မှုတွေနဲ့ ပြောင်းလဲဖွဲ့စည်းဖို့ အားလုံးကြိုးစားခဲ့ကြပေမယ့် အဓိကတိုင်းရင်းသားလက်နက်ကိုင်အင်အားစုကြီးတွေက ထဲထဲဝင်ဝင်ပူးပေါင်းပါဝင်လာဖို့လက်ရှိမှာ အကန့်အသတ်တွေရှိနေတယ်လို့သိရကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားပါတယ်။
NUG အနေနဲ့ ဒီကနေ့ ဒီဇင်ဘာ ၈ရက်မှာ ဝန်ကြီး၊ ဒုဝန်ကြီးတွေကို ပြောင်းလဲတာဝန်ပေးအပ်တာ၊ ဝန်ကြီးဌာန အချို့ဖျက်သိမ်းပြီး အချို့ ပေါင်းစည်းကာ အစိုးရ အဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းတာ တွေလုပ်ဆောင်ခဲ့ပါတယ်။ အဲဒီလို အစိုးရ ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီး ပြည်သူလူထုထံ အသိပေး မိန့်ခွန်းကို ယာယီသမ္မတက ဒီနေ့ည ၇နာရီမှာ အခုလို လူထုကို ရှင်းပြခဲ့တာပါ။
အစိုးရဟာ ပြည်သူ့ သဘောထားနဲ့ ရင်ခြင်းကပ်ထားပြီး အစိုးရဟာ ပြည်သူ့သဘောထားနဲ့အတူ အစိုးရ အဖွဲ့ ပြုပြင်ပြောင်းလဲမှုကို ရဲရဲတင်းတင်းလုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC အပါအဝင် ပြည်သူကိုယ်စားပြုတဲ့ အစုအဖွဲ့ အဖွဲ့အစည်းတွေရဲ့ သဘောထားတွေကိုလည်း အစဉ်မပြတ် နားစွန့်ခဲ့ပြီး ပြည်သူ့သဘောထားနဲ့အညီ အစိုးရ အဖွဲ့ ပြုပြင်ပြောင်းလဲရေးကို အဆင့်လိုက် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း အသိပေးပါတယ်။
အဲဒီလိုဆောင်ရွက်ရာမှာ အစိုးရ ပြုပြင်ပြောင်းလဲရေး ကော်မရှင် ကို ဇူလိုင်လမှာဖွဲ့စည်းခဲ့တယ်လို့ ဆိုပါတယ်။ ကော်မရှင်ကို ယာယီသမ္မတ၊ ပြည်ထောင်စုဝန်ကြီးချုပ်နဲ့ CRPH ဥက္ကဋ္ဌ တို့ ဦးဆောင်ခဲ့ပြီး အစိုးရ အတွင်း လက်တွေ့ကျကျပြုပြင်ပြောင်းလဲမှု တွေလုပ်ဆောင်ခဲ့တယ်လို့ အသိပေးပါတယ်။
“မဟာမိတ် စစ်ရေးတပ်ပေါင်းစုနဲ့ မဟာမိတ် နိုင်ငံရေးတပ်ပေါင်းစုမှသည် တမျိုးသားလုံးညီညွတ်ရေးကို ကျယ်ပြန့်စွာ ကိုယ်စားပြုနိုင်တဲ့ အစိုးရဖြစ်လာအောင် အထူးသဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေ ကျယ်ပြန့်စွာ ပါဝင်လာနိုင်အောင် ကျနော်တို့ အားလုံးကြိုးစားခဲ့ကြရပါတယ်။ ဒါပေမဲ့ အဓိက တိုင်းရင်းသား လက်နက်ကိုင် အင်အားစုကြီးတွေဟာ အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့တွေထဲမှာ ထဲထဲဝင်ဝင် ပူးပေါင်းပါဝင်လာဖို့ လက်ရှိအချိန်မှာ အကန့်အသတ်တွေရှိနေတယ်ဆိုတာ သိရှိရပါတယ်” လို့ ယာယီသမ္မတက ပြောပါတယ်။
လူထုအကျိုးနဲ့ တော်လှန်ရေးအောင်မြင်မှုတွေကို ရဖို့ဆိုရင် ပြုပြင်ပြောင်းလဲရေးကို လက်တွေ့လုပ်ဆောင်ဖို့ တွန့်ဆုတ်ခဲ့တာမရှိဘူးလို့ လည်း ယာယီသမ္မတက ပြောကြားပါတယ်။
“ဒါပေမဲ့ လူမျိုးပေါင်းစုံ ဒေသမျိုးကွဲပေါင်းစုံနဲ့ အင်အားစုပေါင်း စုံလွန်းတဲ့ ကျနော်တို့ နိုင်ငံတွင်းမှာ ပြည်သူတရပ်လုံး မျှော်လင့်တောင့်တနေတဲ့ စုဖွဲ့ လက်တွဲမှုမျိုးကို ယနေ့အချိန်ထိ အပြည့်အ၀ မရနိုင်သေးဘူးလို့ ဝန်ခံရမှာဖြစ်ပါတယ်” လို့ ယာယီသမ္မတက ပြောပါတယ်။
လူထုကို မျှော်လင့်ချက် အတုတွေ မပေးချင်သလို အရှိပကတိနဲ့ ကင်းကွာနေတာကိုလည်း စကားလုံးတွေလှအောင် ပြောဖို့ ရည်ရွယ်ချက်မရှိကြောင်း အသိပေးပါတယ်။
အဓိကတိုင်းရင်းသားလက်နက်ကိုင်အင်အားစုကြီးတွေဟာ အမျိုးသား ညီညွတ်ရေးအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ ထဲထဲဝင်ဝင် ပူးပေါင်းပါဝင်လာဖို့ အကန့်အသတ်ရှိတဲ့ အခြေအနေကိုလည်း ယာယီသမ္မတက အခုလိုရှင်းပြပါတယ်။
“နှစ်ပေါင်း ၆၀ ကျော်ကြာ ပြည်တွင်းစစ်ဟာ သမိုင်းဆိုင်ရာ အငြိုးနဲ့ လူမျိုးရေး အမုန်းအာဃာတတွေကို အဓိက ပေါက်ဖွား စေရာ ရေခံမြေခံဖြစ်ကြောင်း လေ့လာတွေ့ရှိရပါတယ်။ ဒါ့အပြင် ခေတ်အဆက်ဆက်က အာဏာရှင် အစိုးရတွေဟာ လူမျိုးသွေးခွဲအုပ်ချုပ်မှုတွေနဲ့ လူ့အဖွဲ့အစည်းတွင်း ယုံကြည်မှု ပျက်ပြားအောင်လုံ့လထုတ်ခဲ့ကြတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး ကျနော်တို့ နိုင်ငံဟာ ကမ္ဘာ့အင်အားကြီးတွေရဲ့ ပါဝင်အားပြိုင်မှု ပထဝီ အခင်းအကျင်းရဲ့ ဒဏ်ကိုလည်းခံစားခဲ့ကြတာကိုလည်း တွေ့ရပါတယ်။ အထူးသဖြင့် ပထဝီ နိုင်ငံရေးအကန့်အသတ်တွေဟာ ကျနော်တို့ရဲ့ ညီညွတ်သော တော်လှန်ရေးအင်အားစုကြီး မပေါ်ပေါက်နိုင်အောင် အဓိက အတားအဆီးဖြစ်နေတာကို တွေ့ရပါတယ်” လို့ ယာယီသမ္မတက ပြောပါတယ်။
ဒေသတွင်း နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်မှာလည်း နိုင်ငံကြီးတွေရဲ့ အိမ်နီးချင်းတွေရဲ့ အကျိုးစီးပွားအတိုင်း စဉ်းစားချက်တွေက နွေဦးတော်လှန်ရေးစုစည်းညီညွတ်မှုကို ကြိုးကိုင်ချယ်လှယ်နေတာ တွေ့ရကြောင်းလည်း ပြောပါတယ်။
“အချို့သော တိုင်းရင်းသားတော်လှန်ရေးအင်အားစုများဟာ ကျနော်တို့ အစိုးရရဲ့ စွမ်းဆောင်မှုကို ယခုထက်ပိုပြီး စွမ်းဆောင်နိုင်တဲ့ ဦးဆောင်မှုကို တွေ့မြင် လိုကြတယ်လို့ ယူဆပါတယ်။ဒီအထွေထွေအကန့်အသတ်ကို ကျော်လွန်ပြီးကျနော်တို့ အားလုံးမျှော်မှန်းတဲ့ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး ပန်းတိုင်အတွက်တနေ့နေ့ တချိန်ချိန်မှာ ပြည်သူလူထု တရပ်လုံးမျှော်မှန်းတဲ့ စုဖွဲ့ညီညွတ်မှုကို တည်ဆောက်နိုင်လိမ့်မယ်လို့ အလေးအနက် ယုံကြည်ပါတယ်” လို့ ယာယီသမ္မတက ပြောပါတယ်။
တော်လှန်ရေးအင်အားစုများအကြား လက်တွဲညီညွတ်မှုကို အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ ဆက်လက်ပြီး မဆုတ်မနစ် ကြိုးပမ်းသွားမယ်လို့လည်း ယာယီသမ္မတက ပြည်သူလူထု ကိုကတိပေး ပြောကြားပါတယ်။
NUG အစိုးရ အဖွဲ့ ပြုပြင်ပြောင်းလဲမှု ပြုလုပ်ခဲ့တဲ့အပေါ် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေကပါ ဝေဖန်တာတွေ ပြုလုပ်နေတဲ့ အခြေအနေမှာ ယာယီသမ္မတက ပကတိ ရင်ဆိုင်ရတဲ့ အခြေအနေတွေကို အခုလို ရှင်းလင်းပြောကြားခဲ့တာပါ။
အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ နိုင်ငံရေး၊ စစ်ရေး ၊ သံမတန်ရေးနဲ့ ဘဏ္ဍာရေး အကန့်အသတ်တွေ ကြားထဲမှာ စိန်ခေါ်မှုပေါင်းများစွာ ကြုံတွေ့ခဲ့ရကြောင်း ယာယီသမ္မတက ပြောပါတယ်။
“အဲဒီ စိန်ခေါ်မှုတွကို ပြည်သူလူထု အားနဲ့ ကျော်လွှားနိုင်ခဲ့တာ ရှိခဲ့သလို ကျနော်တို့ရဲ့ စွမ်းရည်အကန့်အသတ်ကြောင့် ကျော်ဖြတ်ဖို့ ခက်ခဲတဲ့ အရာတွေလည်းအများအပြား ရှိပါတယ်” လို့ ယာယီသမ္မတက ပြောကြားပါတယ်။
ကြုံတွေ့ခဲ့ပြီးဖြစ်တဲ့ တော်လှန်ရေးအောင်မြင်မှု အရပ်ရပ်ဟာ ပြည်သူလူထုရဲ့ ခွန်အားတွေနဲ့ ကျော်ဖြတ်နိုင်ခဲ့တဲ့ အောင်မြင်မှုတွေဖြစ်တယ်လို့ ယာယီသမ္မတက ပြောပါတယ်။
NUG အနေနဲ့ ပြည်သူရဲ့သဘောထားနဲ့ အကျိုးစီးပွားကိုရှေးရှုပြီး အစဉ်တစိုက်ချီတက်နေကြောင်း အသိပေးပါတယ်။
“ ပြီးခဲ့တဲ့ လေးနှစ်ကာလအတွင်းမှာကျနော်တို့ အစိုးရဲ့ လုပ်ဆောင်ချက်တွေထဲမှာ အောင်မြင်မှုတွေလည်းရှိသလို ကျဆုံးမှုတွေလည်းရှိခဲ့တာကို ရိုးသားစွာဝန်ခံ ပြောကြားလိုပါတယ်” လို့ ယာယီသမ္မတက ပြောကြားပါတယ်။
အခက်အခဲကြားက ပြည်သူနဲ့အတူ ရုန်းကန်ကျော်ဖြတ်နေဆဲစိန်ခေါ်မှုတွေ ရှိနေကြောင်း အသိပေးပါတယ်။
“အစိုးရတရပ်ရဲ့ အောင်မြင်မှုဟာ ပြည်သူတရပ်လုံးရဲ့ အောင်မြင်မှု ဖြစ်ပြီးအစိုးရ တရပ်ရဲ့ ကျဆုံးမှုဟာ အဲဒီအစိုးရရဲ့ အားနည်းချက်ဖြစ်တယ်လို့ကျနော်တို့ ခံယူပါတယ်။ နွေဦးတော်လှန်ရေးက အောင်မြင်မှုတွေကို တွေ့ရရင် ဒါဟာ ပြည်သူတရပ်လုံးရဲ့ အောင်မြင်မှု ဖြစ်တယ်လို့ ယူဆပြီးနွေဦးတော်လှန်ရေးရဲ့ကျဆုံးမှုတွေ တွေ့ခဲ့ရင် ကျနော်တို့ရဲ့ အားနည်းချက်ဖြစ်တယ်လို့ပဲ ဝန်ခံ ပြောကြားလိုပါတယ်” လို့လည်း ယာယီသမ္မတက ပြောကြားပါတယ်။
(NUG ယာယီသမ္မတ ဒူဝါလရှီးလ။ ဓာတ်ပုံ – Screengrab)