ဒေါက်တာတေဇာဆန်းတို့ ဆန္ဒပြတာကိုအားပေး လို့ဆိုပြီး မန္တလေးမှာ စျေးဆိုင်တွေကို စစ်အုပ်စုဖျက်ဆီး
ဒီဇင်ဘာ – ၅ ၊၂၀၂၅ /People’s Spring



နွေဦးတော်လှန်ရေးသပိတ်ခေါင်းဆောင်တွေဆန္ဒပြတာကိုအားပေး ထောက်ခံလို့ဆိုပြီး မန္တလေး စျေးချိုအနီးက စျေးဆိုင်တွေကို စစ်အုပ်စုက မနေ့ (ဒီဇင်ဘာ ၄ ရက်) ညပိုင်းမှာ ဖျက်ဆီးပစ်ပါတယ်။
ဒီဇင်ဘာ ၃ ရက်မနက်ပိုင်းမှာသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်း ဦးဆောင်ပြီး ဆန္ဒပြီးနောက် နောက်ရက်မှာပဲ စစ်အုပ်စု က ဆန္ဒပြခဲ့တဲ့ နေရာတဝိုက်ကစျေးဆိုင်တွေကိုဖျက်ဆီးလိုက်တာဖြစ်ပြီး စစ်တပ်ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေက ဓာတ်ပုံတွေနဲ့ ဖြန့်ဝေလာပါတယ်။
ဆန္ဒပြခဲ့တဲ့လမ်းဘေးဝဲယာကစျေးဆိုင် ၅၀ ခန့်ကိ လူအင်အား ၂၀၀ ကျော်သုံးပြီး ညပိုင်းမှာ ဖျက်ဆီး ဖယ်ရှားခဲ့တာပါ။
ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေကဖြန့်ဝေတဲ့ ဓာတ်ပုံတွေမှာယူနီဖောင်းအပြာဝတ် ပျုစောထီးတွေ ၊ ရဲ နဲ့ စည်ပင် ပါဝင်တာတွေ့ရပါတယ်။
မန္တလေးတိုင်း ပြင်ဦးလွင်က စစ်တက္ကသိုလ်ကျောင်းဆင်းပွဲတွေကို တက်ရောက်ဖို့ စစ်ခေါင်းဆောင် ရောက်နေချိန် လုံခြုံရေးအထူးတင်ကျပ်ထားတဲ့ မန္တလေးမြို့မှာသပိတ်ခေါင်းဆောင်ဒေါက်တာတေဇာဆန်း၊ကိုနန်းလင်းနဲ့ ကိုခန့်ဝေဖြိုးတို့ က စစ်ကောင်စီ ရွေးကောက်ပွဲ ကို ဆန့်ကျင်ဖို့ ဆန္ဒပြခဲ့ကြတာပါ။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ၊နိုဝင်ဘာလအတွင်းကလည်း ရန်ကုန်တိုင်း ၊ မြောက်ဒဂုံမြို့နယ် ၄၀ စျေးမှာ လူထုသပိတ်ဖော်ဆောင်လို့ဆိုပြီး လမ်းဘေးစျေးဆိုင်တွေကို စစ်အုပ်စုက ဖျက်ဆီးခဲ့တာမျိုးလုပ်ခဲ့ပါတယ်။
ဓာတ်ပုံ -ဝါဒဖြန့်ချန်နယ်