●စစ်ကြောင်းတွေပြုတ်ပြီး စစ်တိုင်းမှူးပြုတ်
စစ်ကိုင်းတိုင်းမှာ စစ်ကြောင်းပြုတ်တဲ့အထိ တိုက်ခိုက်ခံရမှုတွေ ဆက်တိုက်ကြုံရပြီးတဲ့နောက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) တိုင်းမှူးဗိုလ်မှူးချုပ်မျိုးမင်းထွေးကို စစ်အုပ်စုကဖမ်းဆီးပြီး တိုင်းမှူးအသစ်အစားထိုးလိုက်ပါတယ်။
ဗိုလ်မှူးချုပ်မျိုးမင်းထွေးကို ဖမ်းဆီးပြီး ဥစတလို့ခေါ်တဲ့ စစ်ဦးစီးတက္ကသိုလ်ရဲ့ ကျောင်းအုပ်ကြီး ဗိုလ်ချုပ်ကျော်သူရ ကို နမခတိုင်းမှူးအဖြစ်ခန့်အပ်လိုက်တာပါ။ စစ်ကိုင်းတိုင်းမှာ PDF တွေကို စစ်တပ်ကအကြိမ်ကြိမ် စစ်ရှုံးနေတဲ့အပေါ် အာဏာသိမ်းခေါင်းဆောင်နဲ့ ဒုခေါင်းဆောင်က သည်းမခံနိုင်တော့တာလို့ နေပြည်တော်သတင်းရင်းမြစ်ကပြောပါတယ်။
“ဒါတွေကနိုဝင်ဘာလနှောင်းပိုင်းမှာတင်ဆက်တိုက်ဖြစ်တာ။ဗိုလ်မှူးချုပ်မျိုးမင်းထွေးက စုံခုံကျတယ်။ လာဘ်စားတာအဓိကမဟုတ်ဘူး။ စစ်ဆင်ရေးတွေမှာရှုံးတာကအဓိက။ သူ့နေရာကို ဥစတကျောင်းအုပ်ဝင်တယ်” လို့ နေပြည်တော်သတင်းရင်းမြစ်က လူထုနွေဦးကိုပြောပါတယ်။
ဗိုလ်မှူးချုပ်မျိုးမင်းထွေးဟာ ၁၀၂၇ စစ်ဆင်ရေးမှာ MNDAAက ဖမ်းဆီးပြီး ပြန်လွှတ်ပေးလိုက်တဲ့ စစ်သုံ့ပန်းဖြစ်ပါတယ်။လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAAကသိမ်းတဲ့တိုက်ပွဲမှာတိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်၊ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(၁) ဗိုလ်မှူးချုပ်မျိုးမင်းထွေး၊ ရမခတိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်သန့်ထင်စိုးတို့ကိုလည်း MNDAAက ဖမ်းဆီးခဲ့ပြီး စစ်ကောင်စီပြန်လွှဲပေးခဲ့တာပါ။ ပြန်လွတ်လာပြီးလပိုင်းအကြာ နမခ တိုင်းမှူးအဖြစ် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမှာ တာဝန်ပေးခံရပါတယ်။
စစ်သုံပန်းအဖြစ်ကိုယ်တိုင်အကျဉ်းကျခဲ့ဖူးပေမယ့် စာနာမှုမရှိတဲ့ ဗိုလ်မှူးချုပ်မျိုးမင်းထွေးဟာ နမခ တိုင်းမှူးရာထူးနဲ့စစ်ရာဇဝတ်မှုတွေကိုကျူးလွန်ခဲ့သူလည်းဖြစ်ပါတယ်။
မြန်မာနိုင်ငံအနှံ့မှာစစ်တပ်ကအရပ်သားပြည်သူတွေကိုပစ်မှတ်ထားပြီးတိုက်ခိုက်မှုတွေထဲမှာ စစ်ကိုင်းတိုင်းမှာ အဆိုးရွားဆုံးဖြစ်ပါတယ်။ တိုင်းမှူးတာဝန်ယူပြီးတဲ့နောက်ပိုင်း အဆိုးရွားဆုံး စစ်ရာဇဝတ်မှုတခုကိုပြပါဆိုရင်ပြီးခဲ့တဲ့သတင်းကျွတ်လပြည့်ညမှာ ကလေးငယ်တွေအပါအဝင် ဆီးမီးထွန်းနေသူတွေကို အစုလိုက်အပြုံလိုက်သေအောင် ကျူးလွန်ခဲ့တာပါ။
မုံရွာနဲ့ ချောင်းဦးမြို့ကြားက ထုံးဘိုရွာမှာ ဆီမီးသပိတ်ပြုလုပ်နေတဲ့လူအုပ်ထဲကို ဗုံးကြဲဖို့ ဗိုလ်မှူးချုပ်မျိုးမင်းထွေးက အမိန့်ပေးခဲ့ပါတယ်။ သူ့အမိန့်ကြောင့် လပြည့်ညဟာ သွေးချင်းချင်းနီးခဲ့ရပြီး ကလေးငယ်တွေအပါအဝင် အရပ်သား ၃၀နီးပါးသေဆုံး၊ ၄၀ကျော်ဒဏ်ရခဲ့ပါတယ်။ ဒဏ်ရာရတဲ့ပြည်သူတွေ ဆေးကုနေတဲ့နေရာကိုလေကြောင်းကနေ ဗုံးထပ်ကြဲလို့ သေဆုံးဒဏ်ရာရသူတွေထပ်တိုးခဲ့ပြန်ပါတယ်။
အညာဒေသဟာ စစ်အာဏာရှင်ကို ရွံရှာမုန်းတီးမှုတွေနဲ့အတူ ကြံ့ကြံ့ခိုင်ရင်ဆိုင်တုံ့ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလနဲ့ လက်ရှိနိုဝင်ဘာလထဲမှာ စကားတိုင်းထဲက ကန့်ဘလူ၊ မော်လိုက်၊ ခင်ဦး၊ ဝက်လက်မြို့နယ်တွေမှာ စစ်တပ်စစ်ကြောင်းတချို့ကို PDF၊ ပကဖ နဲ့ ပူးပေါင်းတပ်တွေက စစ်ကြောင်းပျက်တဲ့အထိအကြိမ်ကြိမ်တိုက်ခိုက်တုံ့ပြန်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာလ၁၇ရက်နေ့က ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့က ရဲ့ စခန်းကိုပြည်သူ့ကာကွယ်ရေးတပ်တွေကစီနင်းတိုက်ခိုက်ပြီးဖျက်ဆီးခဲ့ပါတယ်။စစ်သုံ့ပန်းတွေကိုလည်းဖမ်းဆီးခဲ့ပါတယ်။ ၂၀၂၅ခုနှစ်ထဲမှာပဲ ရွှေဘို ၊ဝက်လက်ကPDF တပ်ရင်းတွေကလည်း စစ်တပ်စစ်ကြောင်းတွေပြုတ်အောင်တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ကြပါသေးတယ်။ ဒါကြောင့် စစ်ကိုင်းတိုင်းက တော်လှန်ရေးတပ်တွေဟာစစ်တပ်စစ်ကြောင်းတွေပျက်အောင် ဘယ်လိုဗျူဟာနဲ့တိုက်ခိုက်ရလဲဆိုတာတောင် အကျွမ်းတဝင်ရှိလာကြပါပြီ။
●အောင်ပွဲတွေရဲ့ သော့ချက်
စစ်တပ် စစ်ကြောင်းတွေ ပြုတ်အောင်တိုက်နိုင်တာရဲ့ အဓိက သော့ချက်က အညာကတော်လှန်ရေးတပ်တွေပေါင်းစည်းပြီးတပ်ပေါင်းစု အနေနဲ့တိုက်ခိုက်ခဲ့တာကြောင့်လို့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှားရေးတပ် ဒုတပ်ရင်းမှူး ဗိုလ်ပိုင်ချဲကပြောပါတယ်။
ရေဦး မြို့နယ် ၊ခင်ဦးမြို့နယ် ၊ကန့်ဘလူမြို့နယ် ၊တန့်ဆည် မြို့နယ် က PDF တပ်ရင်းတွေ ၊ပကဖ အဖွဲ့တွေ ၊ ဒေသကာကွယ်ရေးအဖွဲ့တွေ ၊ ပလဖ တွေ စုပေါင်းပြီး တပ်ပေါင်းစု ပုံစံ စုစုစည်းစည်းတိုက်ခိုက်နိုင်တာကြောင့်လို့ ဗိုလ်ပိုင်ချဲက ရှင်းပြပါတယ်။
ခင်ဦးမြို့နယ်ကပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူကလည်း တော်လှန်ရေးတပ်တွေအခုလိုအောင်ပွဲရတာဟာစစ်တပ်က ပြည်သူနဲ့ တိုက်နေရတာဖြစ်ပြီး တော်လှန်ရေးတပ်တွေက အောင်စိတ်နဲ့တိုက်တာကြောင့် လို့ ပြောပါတယ်။
“အရင်တုန်းက တပ်မ (၃၃)ကြားဖူးတာပေါ့။အပူးတွေက ကြမ်းတယ်ကြမ်းတယ်။တကယ်က သူတို့ကြမ်းတယ် ဆိုတာ တော်လှန်ရေးအင် အားစုတွေကို မမီဘူး။အင်အားစုရဲ့ တိုက်ရည်ခိုက်ရည်နဲ့ အခြားသော အားသာချက်တွေရှိတယ်။အဓိက တော့ စိတ်ဓာတ်ပေါ့။ကျွန်တော်တို့ ရဲဘော်တွေက နိုင်စိတ်နဲ့ တိုက်တယ်။အောင်စိတ်နဲ့ တိုက်တယ်”လို့ခင်ဦးပကက တာဝန်ရှိသူကပြောလိုက်ပါတယ်။ ။
𝗣𝗲𝗼𝗽𝗹𝗲’𝘀 𝗦𝗽𝗿𝗶𝗻𝗴