ယုန်လေးရုပ်ရှင်ကြည့်သူမရှိလို့ ရုံပိတ်လိုက်ရ
နိုဝင်ဘာ-၂၈၊၂၀၂၅။ဆဏ်း/People’s Spring
စစ်တပ်ထောက်ခံသူဖြစ်တာကြောင့် ပြည်သူတွေရဲ့ Boycott ပြစ်ဒဏ်ခံနေရတဲ့ ယုန်လေးရဲ့ ရုပ်ရှင် ပထမဆုံးရုံတင်တဲ့နေ့မှာကြည့်ရှူသူမရှိတာကြောင့် ပိတ်လိုက်ရတယ်လို့ ယုန်လေးကသူ့ရဲ့ဖေစ်ဘွခ်မှာယနေ့ညရေးသားပါတယ်။
“မုန်းတဲ့ သူတွေ တိုက်ခိုက်တဲ့ သူတွေ နိုင်ပါတယ်။အနုပညာလောက က အနားယူဖို့များသွားပါပြီ။အခုတင်တဲ့ မြို့ပြထဲကလမ်းမ ဆိုတဲ့ဇာတ်ကား အများကြီး ကြိုးစားထားပါတယ် ။ သိန်း 6000 ကျော်ကုန်ပါတယ် ။ ပြင်ဆင်လိုက်ရိုက်ကူးအချိန်1နှစ်ခွဲကြာပါတယ်။ဒီနေ့ စတင်တယ် ။ ကြည့်ပြီးတဲ့ သူတွေတော့Quality သိပါတယ် ။ ဒီနှစ်တစ်နှစ်လုံး မှာ ဝင်ငွေ အနည်းဆုံးဇာတ်ကား အဖြစ်စံချိန်ဝင်သွားပါပြီ။ ရုံမှာ လူတစ်ယောက်မှ မရှိလို့ ပိတ်ရပါတယ် ။”လို့ ယုန်လေးက လူမှုကွန်ရက်မှာရေးသားထားပါတယ်။
ယုန်လေးက အဲဒီ့ပို့စ်မှာ သူနဲ့ပတ်သက်ရင် အဆဲခံရမှာစိုးတာကြောင့် မဝန်းရံပေးတဲ့ အနုပညာလော
ကသားတွေကိုလည်း အပြစ်တင်ထားပါတယ်။
ဒါ့အပြင်ပို့စ်ကိုလည်း တစ်နာရီကျော်အကြာမှာ ပြန်ဖျက်သွားပါတယ်။
ယုန်လေးက အာဏာမသိမ်းခင်အချိန် ၂၀၂၀ ရွေးကောက်ပွဲကာလ ကတည်းက လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခက်ပြီး စစ်တပ်ကအာဏာသိမ်းတဲ့ ပုံစံ Music Video ရိုက်ကူးခဲ့တာကြောင့် ဝေဖန်မှူတွေခံခဲ့ရတာပါ။
အာဏာသိမ်းကာလမှာလည်း စစ်တပ်ဘက်က ရပ်တည်ခဲ့တာကြောင့် ပြည်သူတွေအားလုံးက Boycott ပြုလုပ်ဖို့ ပြင်းပြင်းထန်ထန်တောင်းဆိုခဲ့တာပါ။
ဒါ့အပြင် တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်
ခိုက်မှုတွေလည်းခံခဲ့ရပြီး ပြည်သူတွေရဲ့ မြင်ကွင်းကနေ နှစ်နဲ့ချီပျောက်ကွယ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်ကလည်း သူရိုက်ကူးထားတဲ့ အော်ရယ်ဂျင်နယ်ဂန်းစတား ၃ ရုပ်ရှင်ရုံတင်ခဲ့ပြီး အဲဒီ့ဇာတ်
ကားရုံတင်ချိန်မှာလည်း ပရိသတ် အားပေးမှုမရခဲ့ပါဘူး။
အခုလိုအဖြစ်ကြုံတာကြောင့် ရုပ်ရှင်ရိုက်ကူးတာကနေအနားယူတော့မယ့်သဘောလည်းသူကရေးသားထားပါတယ် ။
ယုန်လေးကအခုဇာတ်ကားကိုသူငွေကုန်ခံရိုက်ကူးသလိုပြောနေပေမယ့် တကယ်က အခုရုပ်ရှင်အတွက် စစ်တပ်နဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်တွေကသာအကုန်အကျခံတာဖြစ်တယ်လို့ ရုပ်ရှင်လောက
သားအချို့ကပြောပါတယ်။ ဒီရုပ်ရှင်ကို Hunk Film Production ကထုတ်လုပ်ပေးတယ်လို့ဆိုပါတယ် ဒီထုတ်လုပ်ရေးကရုပ်ရှင် ၂ ကားပဲရိုက်ရသေးပါတယ်။ ဒီထုတ်လုပ်ရေးကို ဘယ်သူတွေလုပ်နေတယ်ဆိုတာအသေးစိပ်မသိရသေးပေမယ့် ပြည်သူတွေက လူမှုရေးပြစ်ဒဏ်ခတ်ထားသူ ၊သပိတ်မှောက်ထားသူတွေကို သာမာန်ရုပ်ရှင်ထုတ်
လုပ်ရေးတွေက အရှုံးပေါ်မှာကြောက်လို့ မရိုက်ကူးပေးရဲတာမို့ စစ်တပ်နဲ့ နီးစပ်သူတွေကပဲ ယုန်လေးအတွက် ငွေထုတ်ပေးရိုက်ခိုင်းတာဖြစ်တယ်လို့ရုပ်ရှင်လောကသားတဦးကပြောပါတယ်။
ယုန်လေးရေးသလို အခြားအနုပညာရှင်တွေအားပေးဝန်းရံတာရှိ ၊မရှိဆိုတာနဲ့မဆိုင်ပဲအာဏာသိမ်းပြီး ပြည်သူကိုနေစဥ်သတ်ဖြတ်နေတဲ့စစ်တပ်ကိုထောက်ခံတဲ့သူမို့ ပြည်သူတွေက သပိတ်မှောက်တာကြောင့် ကြည့်သူမရှိတာလို့ ပြည်သူအချို့က သုံးသပ်ပါတယ် ။
စစ်တပ်က နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ နေတိုး ၊မြင့်မြတ် စတဲ့သရုပ်ဆောင်တွေကိုသုံးပြီး ရွေးကောက်ပွဲဝါဒဖြန့် ဇာတ်လမ်းတို ကို ပြီးခဲ့တဲ့အောက်တိုဘာမှ ထုတ်လွှင့်ပြီးနောက်ပိုင်း ပြည်သူတွေက စစ်တပ်ထောက်ခံတဲ့ အနုပညာရှင်တွေအပေါ် သပိတ်မှောက်တာနဲ့ လူမှုရေးပြစ်ဒဏ်ခတ်တာအရှိန်ပြန်ကောင်းလာတာဖြစ်ပါတယ် ။