အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်လာသည့် မတရားဖမ်းဆီးခံခဲ့ရသူများ

အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်လာသည့် မတရားဖမ်းဆီးခံခဲ့ရသူများ
27 Nov 2025 By Than Lynn/ MPA (Photo News)

စစ်ကော်မရှင်က ယမန်နေ့တွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား စုစုပေါင်း ၃,၀၈၅ ဦးကို လွတ်ငြိမ်းခွင့်နှင့် ပြစ်ဒဏ်လျှော့ပေါ့မှုများ ပေးခဲ့ကြောင်း တရားဝင် ထုတ်ပြန်ကြေညာခဲ့သည်။
ထိုအထဲမှ ၇၂၄ ဦးကို ခံဝန်ဖြင့် လွှတ်ပေးခဲ့ပြီး၊ ကျန်ရှိသော ၂,၃၆၁ ဦးကိုမူ ပြစ်ဒဏ်များ လျှော့ပေါ့ပေးခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ၎င်းပုဒ်မဖြင့် တရားစွဲခံထားရကာ ထွက်ပြေးတိမ်းရှောင်နေသည့်အတွက် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၅၁၂ ဖြင့်ပါ အမှုဖွင့်ခံထားရသူ ၅,၅၈၀ ဦး၏ အမှုများကိုလည်း တစ်ပါတည်း ပိတ်သိမ်းလိုက်ကြောင်း စစ်ကော်မရှင်၏ ကြေညာချက်တွင် ဖော်ပြထားသည်။
ယင်းကဲ့သို့သော လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူများထဲမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ဗဟိုပြန်ကြားရေးဌာနတွင် ထင်ရှားသူဖြစ်သည့် ဦးကြည်တိုးနှင့်အတူ ဗကသ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဖိုးသားတို့သည် ယနေ့ (နိုဝင်ဘာ ၂၇ ရက်) တွင် အင်းစိန်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သည်။
“အန်တီနဲ့ အတူ အလုပ်လုပ်ဖို့အားတင်းထားတယ်” ဟု ပြန်လည် လွတ်မြောက်ခဲ့သည့် ဦးကြည်တိုးက သတင်းထောက်များကို အင်းစိန်ထောင်ရှေ့၌ ဖြေကြားခဲ့သည်။
စစ်ကောင်စီ၏ မတရားဖမ်းဆီးခံရပြီးနောက် ယခုလို လွတ်မြောက်လာခဲ့သည့် နိုင်ငံရေး အကျဉ်းသားများနှင့် တက်ကြွလှုပ်ရှားသူများ၏ ပုံရိပ်များသည် ကြီးမားသော စိန်ခေါ်မှုများအကြား မျှော်လင့်ချက်အလင်းရောင်ကို ပြန်လည်မြင်တွေ့ရခြင်း၏ သက်သေများပင် ဖြစ်ပါသည်။ လွတ်မြောက်လာသူများအားလုံး ဘေးကင်းလုံခြုံစွာ ၎င်းတို့၏ ချစ်ခင်သူများထံ ပြန်လည်ရောက်ရှိကြသည့် ဓာတ်ပုံမှတ်တမ်းများကို ဖော်ပြအပ်ပါသည်။
#၅၀၅က #အင်းစိန်ထောင် #လွတ်မြောက် #နိုင်ကျဉ်း #အင်းစိန် #နိုင်ငံရေး #MPA #Myanmar