မင်းအောင်လှိုင် အပါအဝင် စစ်ကော်မရှင် အဖွဲ့ဝင် ၁၄ ဦးကို အကြမ်းဖက်သမားများအဖြစ် NUG အစိုးရက ထပ်မံကြေညာ
ရန်ကုန်၊ နိုဝင်ဘာ ၂၆
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် အဖွဲ့ဝင် ၁၄ ဦးကို အကြမ်းဖက်သမားများအဖြစ် NUG အစိုးရ အကြမ်းဖက်တိုက်ဖျက်ရေး ဗဟို အဖွဲ့က ယနေ့ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ထပ်မံ ထုတ်ပြန်ကြေညာလိုက်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့သည် အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၆ ၊ ပုဒ်မခွဲ(င) နှင့်ပုဒ်မ ၇၂ ပုဒ်မခွဲ (ခ) ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင် မင်းအောင်လှိုင်အပါအဝင် ၁၄ ဦးကို အကြမ်းဖက်သမားများအဖြစ် ထုတ်ပြန် ကြေညာခြင်းဖြစ်ကြောင်း သိရသည်။
၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မှ ၂၀၂၅ခုနှစ် ဇူလိုင်လ ၃၁ ရက်အတွင်း အကြမ်းဖက် အုပ်စုဖြစ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တာဝန်ပေး ဖွဲ့စည်း ခဲ့သော အစိုးရအဖွဲ့ အဆက်ဆက်၏ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် လည်း အကြမ်းဖက်အဖွဲ့အစည်းဖြစ်သောကြောင့် အဆိုပါကောင်စီအဖွဲ့ဝင် များကို အကြမ်းဖက်သမားများအဖြစ် သတ်မှတ်ကြေညာခြင်းဖြစ်ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်အုပ်စု၏ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတွင် မင်းအောင်လှိုင် ၊ ပြည်သူ့လွှတ်တော် ဥက္ကဌ တီခွန်မြတ် ၊ ဒုစစ်ခေါင်းဆောင် စိုးဝင်း၊မြထွန်းဦး ၊ထွန်းထွန်းနောင်၊ ဝဏ္ဏမောင်လွင်၊ သန်းဆွေ ၊ ဟင်နရီဗင်ထီးယူ ၊အောင်လင်းဒွေး၊ ရဲဝင်းဦး၊ သီတာဦး၊ တင်အောင်စန်း၊ မောင်မောင်အေး နှင့် ရာပြည့်တို့ ပါဝင်ကြောင်း သိရသည်။
“အရင်တုန်းကတော့ အဖွဲ့အစည်းတွေကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာဖူးပါတယ်။ အခုကတော့ ထပ်ပြီးတော့ လူပုဂ္ဂိုလ်နာမည်တွေနဲ့ ထပ်ပြီးတော့ ကြေညာတာဖြစ်ပါတယ်” ဟု NUG ဝန်ကြီးချုပ်ရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့အနေဖြင့် အထက်ပါ အကြမ်းဖက်သမားများကို ဥပဒေအရအရေးယူနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး တော်လှန်ရေးအင်အားစုများနှင့် ပြည်သူများအနေဖြင့် ပူးပေါင်းဆောင်ရွက် ကြရန် တိုက်တွန်းထားသည်။