မြ၀တီ၊ မင်းလက်ပံတွင် KNU နှင့်စစ်တပ် တိုက်ပွဲဖြစ်ပြီးနောက် DKBA ၏ ကျားဖြန့် အလုပ်ရုံများကို KNU က ဝင်ရောက်စီးနင်း၊ DKBA တပ်ဖွဲ့ဝင် ၂၃၀ ဦးလက်နက်ချပြီး ကျားဖြန့် ရုံများတွင် လူ ၂၀၀၀ ကျော် ချုပ်နှောင်ထား (ရုပ်/သံ)
🟥 KNU က ကျားဖြန့်တိုက်ဖျက်ရေး နိုင်ငံတကာသို့ အရေးပေါ် အကူအညီတောင်း
ရန်ကုန်၊ နိုဝင်ဘာ ၂၅
ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီမြို့နယ်၊ မင်းလက်ပံကျေးရွာတွင် KNU နှင့်စစ်တပ်အကြား တိုက်ပွဲဖြစ်ပြီးနောက် DKBAက လုံခြုံရေးယူထားသော ကျားဖြန့် အလုပ်ရုံများကို KNU က ဝင်ရောက်စီးနင်းခဲ့ကြောင်း KNU က တရားဝင်သတင်းထုတ်ပြန်သည်။
နိုဝင်ဘာလ ၂၁ ရက်နေ့ မြ၀တီမြို့နယ်၊ မင်းလက်ပံကျေးရွာတွင် KNU နှင့် စစ်တပ်အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်တပ်ဘက်မှ ဗျူဟာမှူး နိုင်လွင် ဦးဆောင်သော တပ်များနှင့် DKBA မှ စိုင်းကျော်လှ ဦးဆောင်သော ပူးပေါင်းတပ်များက မင်းလက်ပံရှိ KNU တပ်စခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းဖြစ်ကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် DKBA စခန်းကို KNU က သိမ်းပိုက်နိုင်ခဲ့ပြီး DKBA တပ်ဖွဲ့ဝင် ၂၃၀ ကျော် လက်နက်ချခဲ့ကြောင်း သိရှိရသည်။
ယင်းနောက် DKBA တပ်များ တပ်စွဲထားသော အထပ်ထပ်သော လုံခြုံရေး အစီအမံများနှင့် ကြီးမားသော ဂိတ်များပါရှိသည့် လုံခြုံရေးအဆင့်မြင့်သော ခြံဝင်းတစ်ခုကို သိမ်းပိုက်ရရှိခဲ့ပြီး လူရာပေါင်းများစွာကို တရားမဝင် ချုပ်နှောင်ထားသည့် ကျားဖြန့် အလုပ်ရုံများကို တွေ့ရှိခဲ့ကြောင်း KNU က ဆိုသည်။
KNU တပ်များက အဆိုပါ ကျားဖြန့် အလုပ်ရုံဝင်း ပတ်၀န်းကျင်ကို ချက်ချင်းပိတ်ဆို့ပြီး ရာဇ၀တ်မှုများတွင် ပါဝင်သည်ဟု သံသယရှိသူများကို ထွက်ပြေးခြင်းမှ တားဆီခဲ့ကြောင်း၊ နိုဝင်ဘာလ ၂၂ ရက်နေ့တွင် KNU က လူကုန်ကူးမှု ခံထားရသော သားကောင်များကို ကယ်ဆယ်ရန်နှင့် လိမ်လည်မှုလုပ်ငန်းများကို ဖျက်သိမ်းရန် မြေပြင်အကဲဖြတ်အဖွဲ့နှင့် လုပ်ငန်းအဖွဲ့ကိုဖွဲ့စည်းခဲ့ကြောင်း၊ KNU ခေါင်းဆောင်ပိုင်းက ထိုင်းနိုင်ငံအာဏာပိုင်များနှင့် နိုင်ငံတကာ အေဂျင်စီများသို့အသိပေးအကြောင်းကြားပြီး အကြံဉာဏ်များ ရယူကာ ဖြစ်စဉ်ကို စနစ်တကျ ကိုင်တွယ်ဆောင်ရွက်ရန် စီစဉ်ခဲ့ကြောင်း၊ ခြံဝင်းကို ပိတ်ဆို့ထားပြီး ပိတ်မိနေသူများကို မှတ်ပုံတင် ခွဲခြားရန်၊ ကာကွယ်ပေးရန်နှင့် ဘေးကင်းစွာ ရွှေ့ပြောင်းရန် အပြင် သက်သေခံ အထောက်အထားများ စုဆောင်းရန်အတွက် အကူအညီများ တောင်းခံခဲ့ကြောင်း သိရှိရသည်။
KNU ဒုတိယဥက္ကဋ္ဌ နှင့် အကြီးတန်းခေါင်းဆောင်များ ဦးဆောင်သော အဆင့်မြင့်ကော်မတီက မြေပြင်အဖွဲ့နှင့်အနီးကပ်ကြီးကြပ်ကွပ်ကဲ၍ စီမံမှုများ ဆောင်ရွက်နေကြောင်း၊ နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၇ နာရီအချိန် အဖွဲ့ဝင် ၁၀ ဦးပါ KNU မြေပြင်အကဲဖြတ်အဖွဲ့က KNU လုံခြုံရေးတပ်ဖွဲ့များ၏ အစောင့်အရှောက်ဖြင့် DKBA ၏ ကျားဖြန့် ခြံဝင်းအတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း၊ အဆိုပါအဖွဲ့က ကျားဖြန့်ရုံများတွင် ပိတ်မိနေသူများကို ခွဲခြားသိရှိရန်၊ သက်သေခံ အထောက်အထားများ စုဆောင်းခြင်း၊ သက်သေခံများထံမှ ထွက်ဆိုချက်များ ရယူခြင်းနှင့် လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းစဉ်များအတွက် လိုအပ်သည့် စာရွက်စာတမ်းများကို စုစည်းခြင်းတို့ လုပ်ဆောင်နေကြောင်း သိရှိရသည်။
နိုဝင်ဘာလ ၂၃ ရက်နေ့ ပထမနေ့တွင် ကျားဖြန့် ခြံဝင်းအတွင်း ကွန်ကရစ် အဆောက်အအုံ ၂၀ ခန့် ကို တွေ့ရှိရပြီး ၎င်းတို့အနက် နှစ်ခုသည် ရုံးအဆောက်အအုံများ ဖြစ်ကာ ကွန်ပျူတာနှင့် အိုင်တီပစ္စည်းများဖြင့် လိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်ခဲ့ကြောင်း၊ ခြံဝင်းအတွင်း လူ ၂,၀၀၀ ခန့် ကို ချုပ်နှောင်ထားကြောင်း၊ ပထမနေ့တွင် နိုင်ငံပေါင်း ၈ နိုင်ငံမှ လူပေါင်း ၃၉၆ ဦးကို အတည်ပြုနိုင်ခဲ့ပြီး ကွန်ပျူတာများနှင့် မိုဘိုင်းဖုန်းများကို သိမ်းဆည်းကာ စုံစမ်းစစ်ဆေးမှုများ ဆက်လက် လုုပ်ဆောင်ခဲ့ကြောင်း၊ အရွယ်အစား ၄ ပေခန့်ရှိ သံသေတ္တာကြီးများစွာ ကို တွေ့ရှိရပြီး ၎င်းတို့အနက် အများစုမှာ သော့ခတ်ထားကြောင်း၊ ကျားဖြန့်ရုံအတွင်း တွေ့ရှိရသည့် ထိုင်းနိုင်ငံသား ၂၈ ဦး ကိုလည်း လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။
နိုဝင်ဘာလ ၂၄ ရက်နေ့ ဒုတိယနေ့တွင် KNU က မြေပြင်အဖွဲ့ တွင် အဖွဲ့ဝင် ၂၃ ဦး ထပ်မံအားဖြည့်တင်း ပြီး လူများ၊ အဆောက်အအုံများ၊ ပိုင်ဆိုင်မှုများနှင့် စာရွက်စာတမ်းများကို စစ်ဆေးခြင်း လုပ်ငန်းကို အရှိန်မြှင့်ခဲ့ကြောင်း၊ လူ ၃၄၅ ဦး ကို မည်သူမည်ဝါဖြစ်ကြော်ငး အတည်ပြုနိုင်ခဲ့ပြီး ကွန်ပျူတာနှင့် မိုဘိုင်းဖုန်းများကို နောက်ထပ်စုံစမ်းစစ်ဆေးရန်အတွက် သိမ်းဆည်းခဲ့ကြောင်း၊ ထိုင်းနိုင်ငံသား ၃၆ ဦး ကို ထိုင်းအာဏာပိုင်များထံ လွှဲပြောင်းပေးခဲ့ကြောင်း၊ Myanmar Future Stars Co. Ltd. (IDICA မှတ်ပုံတင်နံပါတ် 105909626) ကို ၂၀၁၆ ခုနှစ်၊ ဩဂုတ်လ ၂ ရက်နေ့တွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီအချက်အလက် စာရွက်စာတမ်းတချို့လည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
အခန်းအကျယ်အဝန်း အလျားနှင့်အနံ ၄ ပေ x ၆ ပေ ရှိပြီး ထိုင်စရာ ထိုင်ခုံတစ်ခုတည်းပါဝင်သော လျှို့ဝှက်ဆန်းကြယ်သော နေရာများစွာကိုလည်း တွေ့ရှိရပြီး ညှင်းပန်းနှိပ်စက်ရန် သုံးသည့် အခန်းများ (torture booths) ဖြစ်နိုင်ချေရှိကြောင်း၊ သေချာတိကျရေရာသော စုံစမ်းစစ်ဆေးမှု အရေးတကြီး လိုအပ်နေကြောင်း၊ ကျားဖြန့် အလုပ်သမားတချို့တွင် လက်နက်များ ကိုင်ဆောင်ထားကြောင်း ၊ တွေ့ဆုံမေးမြန်းမှုများအရ အချို့သော သံသယရှိသူများသည် ခြံဝင်းအတွင်း စီမံခန့်ခွဲသူများ ဖြစ်ကြပြီး ထွက်ပြေးခွင့်ပြုရန် KNU အဖွဲ့ဝင်များထံသို့ လာဘ်ထိုးရန် ကြိုးပမ်းခဲ့ကြကြောင်း သိရှိရသည်။
ကျားဖြန့် ခြံဝင်းအတွင်း တွေ့ဆုံမေးမြန်းမှုများကို လုပ်ဆောင်ခဲ့ရာ ဖိလစ်ပိုင်နိုင်ငံသား တစ်ဦးက အမေရိကန်နိုင်ငံသားများကို ပစ်မှတ်လိမ်လည် တာဝန်ချထားခံရပြီး တစ်လလျှင် အမေရိကန်ဒေါ်လာ ၅၀၀,၀၀၀ အထိ ရရှိကြောင်း၊ ထပ်မံ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ အခြားအလုပ်သမားတစ်ဦးကမူ လစာလုံး၀ မရရှိကြောင်း ပြောဆိုသည်။
ယနေ့ နိုဝင်ဘာလ ၂၅ ရက် နံနက်ပိုင်းတွင် အဆိုပါ ကျားဖြန့် ဝင်းအတွင်းသို့ ဒရုန်းတိုက်ခိုက်မှုများရှိလာပြီး ရာပေါင်းများစွာသော ကျားဖြန့်လုပ်သားများမှာ ကြောက်ရွံ့ ထိတ်လန့်စွာ ထွက်ပြေးရန် ကြိုးစားခဲ့ကြောင်း၊ ကျားဖြန့် အဆောက်အအုံများအတွင်း ပိတ်မိနေသူများအကြား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
KNUအနေဖြင့် ကျားဖြန့် အဆောက်အုံဝင်းနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိနေပြီး အရေးပေါ် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး တောင်းဆိုကြောင်း၊ အခြေအနေများမှာ လျင်မြန်စွာ ပြောင်းလဲနေပြီး KNU မြေပြင်အဖွဲ့နှင့် ခြံဝန်းအတွင်း ပိတ်မိနေသော နိုင်ငံအများအပြားမှ အရပ်သားများအတွက် အသက်အန္တရာယ်ကို ခြိမ်းခြောက်မှုများ တိုးလာနေကြောင်း KNU အကူအညီတောင်းခံသည်။
KNU က ကျားဖြန့်လိမ်လည်မှုလုပ်ငန်းကို ဖြေရှင်းရန်အတွက် ခိုင်မာ ပေါင်းစပ်ထားသော နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု လိုအပ်နေကြောင်း၊ KNU က ကျားဖြန့် ခြံဝင်းအတွင်း ကျန်ရှိနေသူများကို ဆက်လက်ဖော်ထုတ်ပြီး ရွေးချယ်စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်မည်ဖြစ်သော်လည်း ထိရောက်သော စုံစမ်းစစ်ဆေးမှုနှင့် သက်သေအထောက်အထားများ စုဆောင်းခြင်းသည် KNU ၏ စွမ်းဆောင်ရည်ထက် ကျော်လွန်နေကြောင်း KNU ကပြောသည်။
သိမ်းဆည်းရမိသော ပစ္စည်းအားလုံးကို KNU နှင့် ပူးပေါင်းဆောင်ရွက်နေသော အာဏာပိုင်များနှင့်စုံစမ်းရေးအဖွဲ့များထံသို့ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း၊ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသော၊ အဆင့်မြင့်ပြီး နိုင်ငံဖြတ်ကျော် ရာဇဝတ်ကွန်ရက်များကို ဖျက်ဆီးပစ်ရန် ကြိုးပမ်းမှုများသည် ခိုင်မာသော ခေါင်းဆောင်မှု၊ မယိမ်းမယိုင်သော ကတိကဝတ်၊ ခိုင်မာသော နိုင်ငံများနှင့် ဥပဒေစိုးမိုးရေး အဖွဲ့အစည်းများကြား ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှု တို့ဖြင့်သာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတကာပါဝင်မှုမရှိလျှင် ကမ္ဘာကို ခြိမ်းခြောက်နေသည့် နိုင်ငံဖြတ်ကျော် ကျားဖြန့် လိမ်လည်မှုများအတွက် စံနမူနာပြ အမှုဖြစ်သော အဆိုပါ ကျားဖြန့်ဝင်းကို စုံစမ်းစစ်ဆေးရန် အခွင့်အရေး ဆုံးရှုံးစေမည်ဖြစ်ကြောင်း KNU က နိုင်ငံတကာသို့ အကူအညီတောင်းခံသည်။
KNU အနေဖြင့် မိမိအုပ်ချုပ်နယ်မြေတွင် ဥပဒေစိုးမိုးရေးကို ထိန်းသိမ်းရန်၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်ကွန်ရက်များကို တိုက်ဖျက်ရန်၊ ပဋိပက္ခဒဏ်ခံရသူများကို ကာကွယ်ရန်နှင့် နယ်စပ်တစ်လျှောက် လုပ်ကိုင်နေသော နိုင်ငံတကာရာဇဝတ်ကွန်ရက်များအတွက် တာဝန်ယူမှုကို သေချာစေရန်အတွက် ထိုင်းအစိုးရနှင့် အခြားသက်ဆိုင်ရာ အာဏာပိုင်များ၊ အဖွဲ့အစည်းများနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။