မတ္တရာတစ်မြို့နယ်လုံးနီးပါးကို စစ်တပ် ပြန်ထိန်းချုပ်

မတ္တရာတစ်မြို့နယ်လုံးနီးပါးကို စစ်တပ် ပြန်ထိန်းချုပ်
================

■ မန္တလေး-မိုးကုတ်လမ်းမကြီးပေါ်ရှိမြို့နယ်များကို စစ်တပ်က ထိုးစစ်ဆင်နေစဉ် အရပ်သားထိခိုက်မှု များပြားပြီး ဒေသခံတို့ ဘေးလွတ်ရာ တိမ်းရှောင်နေကြသည်။
■ လက်နက်ကြီးကျည်ကြောင့် နေအိမ်အတွင်းရှိ ကလေးများ အပါအဝင် လေးဦးသေဆုံးသည်။
■ အနီးရှိစဉ့်ကူးတွင်လည်း ဒေသခံထက်ဝက်ကျော်စစ်ဘေးတိမ်းရှောင်ကြရသည်။
နေမင်းနီ/Myanmar Now
မန္တလေးတိုင်း၊ မတ္တရာမြို့နယ် နေရာအများစုကို ပြန်လည်ရယူထားသော စစ်တပ်က ယမန်နေ့(နိုဝင်ဘာ၂၄)ညနေပိုင်းတွင် မြို့မြောက်ဘက် ရွာအချို့ကိုပါ ထပ်မံ တိုက်ခိုက် ရယူခဲ့သဖြင့် မတ္တရာတစ်နယ်လုံးနီးပါးကို ထိန်းချုပ်သွားနိုင်ပြီဖြစ်သည်ဟု စစ်ရေးရင်းမြစ်များနှင့်ဒေသခံများထံက သိရှိရသည်။
ပတ်လည်အင်းကျေးရွာကို ထိန်းချုပ်လိုက်ပြီးနောက် ထိုအခြေအနေ ဖြစ်ပေါ်လာသည်ဟု မတ္တရာမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းထောက်လှမ်းရေးတာဝန်ခံ ဘိုတောက်က Myanmar Now ကို ပြောသည်။
“(စစ်တပ်က) မတ္တရာတစ်နယ်လုံးကို ထိန်းချုပ်သွားပါပြီ။ မတ္တရာမြို့နယ်နဲ့စဉ့်ကူးမြို့နယ်အစပ်က ပတ်လည်အင်းဆိုတဲ့ရွာကို ဒီနေ့ပဲစပြီး ထိန်းချုပ်ခံလိုက်ရပါပြီ” ဟု သူက နိုဝင်ဘာ၂၄ ည ၉ နာရီခန့်တွင်‌ ပြောသည်။
လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး၊ ဒရုန်း၊ နည်းပညာ၊ လက်နက်ကိုင်အင်အား အဆမတန် သုံးနိုင်သည့် စစ်တပ်က မြောက်ဘက်ရှိ စဉ့်ကူးမြို့ကိုပါ ဆက်လက်ထိုးစစ်ဆင်ဖွယ်ရှိနေသည်ဟု ၎င်းက ပြောဆိုသည်။
“ကျွန်တော့်အနေနဲ့သုံးသပ်ရရင် စဉ့်ကူးမြို့နယ်ကို ရေကြောင်း၊ ကုန်းကြောင်းကနေ အင်အားတွေ ဝင်မယ်ထင်တယ်။ သူတို့ရွေးကောက်ပွဲဖြစ်မြောက်အောင် အဓိကထားပြီး နယ်မြေစိုးမိုးမှုကို ပြန်လည်ရယူနေတာပါ”ဟု သူက ဆက်ပြောသည်။
လွန်ခဲ့သည့် တစ်လခန့်က မတ္တရာမြောက်ခြမ်းကို စစ်ကြောင်းစထိုးစဉ်က ရှမ်းပြည်မြောက်ပိုင်းမှ ဆင်းလာသည့် စစ်သည်တင်ယာဉ် အစီး ၃၀ ပြင်ဦးလွင်၊ မန္တလေးမြို့တို့ကိုဖြတ်ကျော်ကာ ရောက်လာသည်ဟု ကိုဘိုတောက်က ဆိုသည်။
စစ်သားသစ်အဓမ္မစုဆောင်းသည့် အစီအစဉ်ကြောင့် လက်နက်ကိုင်အင်အား တစ်သိန်းခန့် ပိုမိုတိုးပွားလာသော စစ်တပ်သည် လိုအပ်သည့်လက်နက်များကို တရုတ် အပါအဝင် နိုင်ငံတချို့ထံက ဝယ်ယူရှိနေသည်။
တော်လှန်ရေးတပ်များတွင် လက်နက်အင်အား နည်းပါးနေပြီး လက်နက်ရရှိမည့်လမ်းကြောင်းများဖြစ်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုလည်း တရုတ်အစိုးရက ကန့်သတ်ထားသည်။
ကလေးနှစ်ဦး သေဆုံးမှု
————–
မန္တလေးမြို့နှင့် နီးကပ်စွာ တည်ရှိသည့် စဉ့်ကူးမြို့နယ်ကို ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းတွင် တော်လှန်ရေးတပ်များက သိမ်းပိုက်ခဲ့သည်။
မန္တလေးမြို့နှင့်မိုင်၂၀အကွာ မတ္တရာမြို့နယ်တွင်မူ ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းက စတင်ပြီး တိုက်ပွဲများဖြစ်ပွားခဲ့ရာ စစ်တပ်က စခန်း ၃၀ ကျော် ဆုံးရှုံးခဲ့သည်။
ထို့နောက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ တပ်များ သိမ်းထားသည့် ထိုနယ်မြေတို့ကို ပြန်ရရန် စစ်တပ်က ကြိုးပမ်းလာသည်။ ဇန်နဝါရီတွင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် မတ္တရာမြို့နယ် ပါဝင်သည်ဟု အာဏာသိမ်းတပ်က သတင်းထုတ်ပြန်ထားသည်။
တစ်နှစ်ကြာလာပြီဖြစ်သည့် မတ္တရာတန်ပြန်ထိုးစစ်တွင် စစ်တပ်က မြို့အနောက်ခြမ်း၊ အရှေ့ခြမ်းတို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက် ပြီးခဲ့သည့်လ လလယ်ပိုင်းက စတင်၍ မြို့နယ်မြောက်ဘက်သို့ ထိုးဖောက်လာသည်၊ နိုဝင်ဘာ ၁၄ ရက်နေ့တွင်မူ စဉ့်ကူးနှင့်မတ္တရာမြို့နယ်အကြားရှိ ရေနံသာကျေးရွာအထိ စစ်တပ်ရောက်လာသည်။
နိုဝင်ဘာ၂၄ ရက်နေ့တွင် ထိုမြို့နယ်နှစ်ခုအကြားရှိ နတ်ကြီးစင်ကျေးရွာစာသင်ကျောင်း တိုက်ခိုက်ခံရသည်၊ လက်နက်ကြီးကျည်ကြောင့် ကျောင်းနှင့်ကပ်လျက်နေအိမ်မှ အသက်မပြည့်သေးသည့် ကလေးနှစ်ဦး အပါအဝင် လေးဦးသေဆုံး၊ ခြောက်ဦးဒဏ်ရာရသည်ဟု သိရသည်။
သေဆုံးသူများသည် နတ်ကြီးစင်ရွာမှ သားမိနှစ်ဦး၊ မတ္တရာမြို့နယ်မြောက်ခြမ်းတံငါရွာမှ စစ်ရှောင်လာသူနှစ်ဦးတို့ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
တော်လှန်ရေးတပ်များက ပွဲစားကုန်း၊ ဒီဃာ၊ နတ်ကြီးစင်၊ မွေပုန်ရှေ့၊ ကောက်ရိုးပုံ၊ ညောင်အုပ် စသည့် ၆ ရွာကိုသာ ဆက်လက် ထိန်းချုပ်ထားနိုင်သည်၊ မတ္တရာတစ်နယ်လုံး၏ နယ်မြေ ၉၀ ရာနှုန်းကျော်ကို စစ်တပ်က ပြန်လည်ထိန်းချုပ်သွားသည်ဟု မတ္တရာမြို့နယ်မှ စစ်ဘေးရှောင်များကို ကူညီပေးနေသည့် အမျိုးသမီးတစ်ဦးက Myanmar Nowကို ပြီးခဲ့သည့်ရက်ပိုင်းက ပြောထားသည်။
စဉ့်ကူးမြို့တွင်လည်း ပိုမိုနီးကပ်လာသည့်တိုက်ပွဲများကြောင့် စဉ့်ကူးမြို့မှ ဒေသခံ ထက်ဝက်ကျော် ဘေးလွတ်ရာသို့ အရေးပေါ် တိမ်းရှောင်နေကြရသည်ဟု ဒေသတွင်း စစ်ရေးရင်းမြစ်အမျိုးသားတစ်ဦးက ပြောသည်။
“စဉ့်ကူးမြို့နယ်က ၆၅ရာခိုင်နှုန်းလောက် ရှောင်ကြပြီ။ သတင်းကြားတာတော့ သူတို့ စဉ့်ကူးအထိ ဆက်တိုးမယ်လို့ကြားနေတယ်။ အဲဒါကြောင့်စဉ့်ကူးက အချုပ်ဆောင်တို့ တရားခံတွေ၊ သုံ့ပန်းတွေ ထားတဲ့အဆောင်တွေလည်း အရေးပေါ်ရွှေ့ဖို့တွေ ပြင်နေကြပြီ”ဟု ထိုအမျိုးသားက ပြောသည်။
ယခုရက်ပိုင်းအတွင်း စဉ့်ကူးမြို့နယ်ဘက်သို့ လက်နက်ကြီးများတရစပ်ပစ်ခတ်နေသည်၊ စဉ့်ကူးကို အာဏာသိမ်းတပ် ရောက်လာနိုင်သည့်အတွက် အရေးပေါ်တိမ်းရှောင်နေရသည်ဟု အထက်ပါစစ်ရှောင်ကူညီရေး အမျိုးသမီးက ပြောသည်။
“လက်ပံလှရွာက အတော်လေးရှောင်ကြတယ်။ အခြေအနေတွေကလည်းမကောင်းဘူးလေ။ တိုက်ပွဲနီးလာတော့ အသက်စိုးရိမ်နေရပြီ”ဟု ယင်းအမျိုးသမီးက ဆိုသည်။
“ဒုတိယအကြိမ်မြောက် နေအိမ်တွေပစ်ပြေးခဲ့ရတာပေါ့။ နောက်တစ်ကြိမ် ပြန်လာနေခွင့်ရပါစေလို့ ဆုတောင်းနေပါတယ်”ဟု သူက ပြောသည်။
“မြို့ပြဖို့ရှောင်ဖို့ရာလည်း မလွယ်လှဘူးလေ။ အခက်အခဲပေါင်းစုံနဲ့မို့ ဘေးလွတ်ရာ တောတောင်တွေပဲ ရှောင်ကြတာများတယ်”
စဉ့်ကူးဒေသခံအများအပြားသည် မြစ်အနောက်ဖက်မှနေ၍ စစ်ကိုင်းတိုင်းအတွင်းသို့ သွားရောက် တိမ်းရှောင်ကြသည်၊ တချို့မှာလည်း ဘေးလွတ်ရာတောတောင်များထဲသို့ခိုလှုံနေကြရသည်ဟုဆိုသည်။
တိုက်ပွဲအခြေအနေများနှင့်ပတ်သက်ပြီး ပိုမို သိရှိဖော်ပြနိုင်ရန် ထိုဒေသများတွင် စစ်ရေးလှုပ်ရှားသော ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY-PDF)၏ ပြောရေးဆိုခွင့်ရှိသူထံ Myanmar Now က ဆက်သွယ်မေးမြန်းထားသော်လည်း တုံ့ပြန်ချက် မရသေးပေ။
အထက်ပါ နှစ်မြို့နယ်သည် မန္တလေး-မိုးကုတ်လမ်းမကြီးပေါ်တွင် တည်ရှိပြီး ရွှေတူးဖော်ရေးလုပ်ငန်းများ ရှိသည့်ဒေသဖြစ်သည်။
————————