စစ်ကောင်စီနဲ့ တိုက်ပွဲသုံ့ပမ်းအချို့ရ၊ ဒရုန်းအချို့ ပစ်ချနိုင်၊ရန်သူ သေဆုံးမှုရှိဟု ချင်းပြည်ကောင်စီ အသိပေး
▪️စစ်ကောင်စီ ကာကင်းနေရာ၊ ပွိုင့်နေရာအချို့သိမ်းထားဟုပြော
နိုဝင်ဘာ ၂၃၊ ၂၀၂၅။ ပုရစ်/People’s Spring





ချင်းပြည်နယ်နဲ့ စစ်ကိုင်း၊ မကွေး ဒေသတွေမှာ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေ ပူးပေါင်း တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ဦးခန့်ကို ထပ်မံချေမှုန်းနိုင်ခဲ့ကြောင်း ချင်းပြည်ကောင်စီကာကွယ်ရေးဌာနက သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီက ဒဏ်ရာရသူများကို Mi 17ဖြင့် သယ်ဆောင်သွားကြောင်း ၊စစ်သုံ့ပန်းတချို့ ထပ်မံ ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းများလည်း ထပ်မံသိမ်းဆည်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။ ဒါ့အပြင် ရန်သူမှ ဒရုန်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ဒရုန်းတချို့ကို ပစ်ချနိုင်ခဲ့တယ်လို့ အသိပေးပါတယ်။
နိုဝင်ဘာ တတိယပတ်အတွင်း ချင်းပြည်ကောင်စီရဲ့ ချင်းလဲန်အစိုးရတပ်ဖွဲ့ စစ်ကြောင်း (၁) ၊ စစ်ကြောင်း (၂) တို့ ပါဝင်တဲ့ စစ်ရေး အခြေအနေကို အသိပေးတာဖြစ်ပါတယ်။ စစ်ကြောင်း(၁)ဟာ ကလေးနဲ့ ဂန့်ဂေါကြားမှာ စစ်ကောင်စီကို တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကြောင်း(၂)ဟာ ဖလမ်းမြို့နဲ့ ဝေဘူလအကြား၊ တီးတိန်မြို့နဲ့ ခိုင်ကမ်းမြို့အကြားမှာ စစ်ကောင်စီကို တိုက်ခိုက်နေတာဖြစ်ပါတယ်။
“ရန်သူ့အလောင်းတွေတော့ ကျနော်တို့ သိမ်းတာတွေတော့ တချို့ဟာတွေရှိပေမယ့် တချို့ဟာတွေ သူတို့အဖွဲ့ ပြန်ကောက်တာတွေရှိတယ်။ လက်နက်ခဲယမ်းတွေလည်း ကျနော်တို့ အနည်းအကျဉ်းတော့ သိမ်းဆည်းတာရှိတယ်။ လက်ရှိ အခြေအနေကတော့ သူတို့ဘက်က လေယာဉ်သုံးတာတွေ တော်တော်များတယ်။ ဒရုန်းတွေ တော်တော်လေး အဆမတန်သုံးတာတွေ Y12နဲ့ အဆမတန် ကြဲတဲ့ဟာတွေတော့ရှိတယ်။ မနေ့ကတော့ အလုံး(၅၀)လောက်ကြဲတယ်။ သူတို့ဘက်က လက်နက်ကြီး သုံးတာ အတော်များတယ်။ အင်အားအလုံးအရင်းနဲ့ တက်လာတာတွေရောလက်ရှိ အခြေအနေမှာရှိတယ်” လို့ ချင်းပြည်ကောင်စီ ကာကွယ်ရေးဌာန ပြောရေးဆိုခွင့်ရှိသူ နိုင်ဂျွန်ကိမ်းက ပြောပါတယ်။
တိုက်ပွဲမှာ စစ်ကောင်စီတပ်စွဲထားတဲ့ ကာကင်းနေရာ ပွိုင့်နေရာအချို့ကို သိမ်းပိုက်ထားနိုင်ကြောင်း အသိပေးပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်လို့ အသေးစိတ်အခြေအနေတွေ ထုတ်ပြန်ပြောဆိုဖို့မရှိသေးဘူးလို့ ပြောပါတယ်။
ကလေးနဲ့ ဂန့်ဂေါကြား စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ စစ်ကြောင်း (၁)ဟာ Vakok PDF အပါအဝင် ကျောင်းသားတပ်မတော် (ABSDF) ၊ PDF ခရိုင်တပ်ရင်းများ၊ ပကဖများ၊ Kalay Revolution Force (KRC)၊ Ranger Kalay Defense Force (RKDF)၊ Yaw Defense Force (YDF) စတဲ့ မဟာမိတွေနဲ့ လက်တွဲ ပြီး စစ်ကောင်စီကို တိုက်ခိုက်နေတာလို့ ချင်းပြည်ကောင်စီကာကွယ်ရေးဌာနက ထုတ်ပြန်ပါတယ်။
စစ်ကောင်စီကလည်း နိုဝင်ဘာလ ၁၈ ရက်မှာ Fighter Jetနဲ့ ဗုံး ၈ လုံး၊ Y-12 နဲ့ ဗုံးအလုံး ၁၅၀ ကျော်၊ နိုဝင်ဘာလ ၁၉ ရက်မှာ Fighter Jet ဖြင့် တစ်ကြိမ်၊ နိုဝင်ဘာလ ၂၂ ရက်မှာ Y-12 ဖြင့် ဗုံးအလုံး ၆၀ ကျော် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ကြောင်း အသိပေးပါတယ်။
ဒါ့အပြင် စစ်ကြောင်း(၂)ဟာ Kalay Revolution Force (KRC)၊ Chin National Defense Force (CNDF) ၊ PDF Zoland စတဲ့ မိတ်ဖက်အဖွဲ့တွေနဲ့ စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီက နိုဝင်ဘာလ ၂၂ ရက်တွင် Fighter Jet ဖြင့် နှစ်ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
လက်ရှိ စစ်ကောင်စီထိုးစစ်ကို လုပ်နိုင်သလောက်ခုခံကာကွယ်တိုက်ခိုက်နေကြောင်း ချင်းပြည်ကောင်စီ ကာကွယ်ရေးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
“သူတို့ဘက်က လေယာဉ် အဆမတန်သုံးတယ်။ သို့ပေမယ့် ကျနော်တို့ အထိအခိုက်မရှိအောင် ကျနော်တို့လည်း ခုခံကာကွယ်တိုက်ခိုက်နေတယ်။ ဒီရှေ့တန်းမှာ တိုက်ပွဲဝင်နေတဲ့အချိန်အများအားဖြင့်တော့ အခက်အခဲဆိုတာထက် လိုအပ်ချက်တွေတော့ ရှိတာပေါ့။ သို့ပေမယ့် ဒီလိုအပ်ချက်တွေကိုလည်း နည်းလမ်းပေါင်းစုံနဲ့ ကျော်လွှားနိုင်အောင် ရှိတဲ့ ပြည်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောချင်တယ်” လို့ နိုင်ဂျွန်ကိမ်းက ပြောကြားပါတယ်။
(တိုက်ပွဲတွေအတွင်း သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ – Chinland News)