ပေါက်နယ်ကိုဗုံးလာကြဲတဲ့ပါရာမော်တာကို​ ပကဖ နဲ့ PDF​တွေ ပစ်ချ

ပေါက်နယ်ကိုဗုံးလာကြဲတဲ့ပါရာမော်တာကို​
ပကဖ နဲ့ PDF​တွေ ပစ်ချ
နိုဝင်ဘာ-၂၂၊၂၀၂၅။ဇော်ဝင်း၊ပုရစ်/People’s Spring

ပေါက်မြို့နယ်အတွင်း ဗုံးလာကြဲတဲ့စစ်တပ်ပါရာမော်တာတစ်စီးကို PDF နဲ့ ပကဖ ​​တွေက ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်တာ​ကြောင့်ပျက်ကျသွားတယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(မြိုင်ပကဖ)က ထုတ်ပြန်လိုက်ပါတယ်။
“မြိုင်ပကဖသည် ပေါက်ပကဖ၊ MGY-PDF စုပေါင်းတပ်များဖြင့် ပူးပေါင်းကာ စစ်ကြောင်းများအားတိုက်ခိုက်စဉ် ပခုက္ကူ ၁၀၁ မှ လာရောက်ပစ်ခတ်သော ပါရာမော်တာအား ဝိုင်းဝန်းပစ်ခတ်ကြရာ ပျက်ကျသွားပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်” လို့ ကနဦးသတင်းထုတ်ပြန်ထားပါတယ်။
​တော်လှန်​ရေးတပ်ဖွဲ့​ ဝင်တွေက ပွိုင့် ၅ ​သေနတ်နဲ့ စစ်တပ်ရဲ့ ပါရာ​​မော်တာကို ပစ်ခတ်ခဲ့တဲ့ ရုပ်သံကိုလည်း မြိုင်ပကဖ ကထုတ်ပြန်ထားပါတယ်။
“နှစ်စီးတက်လာတာ တပ်မ ၁၀၁ ကနေ ပစ်တာ တစ်စီးထိတယ်”လို့ မြိုင်ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးကလည်း ပြောပါတယ်။
နိုဝင်ဘာနေ့ ညနေ လေးနာရီခွဲနဲ့ ငါးနာရီကြားတွင်မြိုင်နယ်၊ပေါက်နယ်အစပ်တွင် ပခုက္ကူတပ်မ(၁၀၁)မှ တက်လာတဲ့ ပါရာမော်တာနှစ်စီးမှာ တစ်စီး ပျက်ကျတယ်လို့ အညာမြေတပ်ပေါင်းစုက ထုတ်ပြန်ပါတယ်။
“တဲ ကြီးရွာ အနီးမှာ”လို့ အညာမြေတပ်ပေါင်းစုရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဘိုဘိုသန့်ဇင်က လူထုနွေဦးကို ပြောပါတယ်။
ဒါ့အပြင် စက်တပ်လေထီးပေါ်ပါလာတဲ့ စစ်သား(အသေ) ရရှိတယ်လို့ ဒေသခံတော်လှန်ရေးတာဝန်ရှိသူအချို့က အတည်ပြုပါတယ်။
စက်တပ်လေထီးကို တော်လှန်ရေးအဖွဲ့တွေက အလုံးစုံရွှေ့ပြောင်းသယ်ဆောင်ပြီးပြီလို့ သိရပါတယ်။
အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း -မြိုင်
ကလည်း”ပြည်သူ့တွေရဲ့ ကြိုးစားမှုကြောင့် ပျက်ကျသွားတာလို့သိရပါတယ်ခင်ဗျာ။ပြည်သူများ
ပျော်ရွှင် ကြည်နူးကြပါစေ။” လို့ဖော်ပြထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးနယ်မြေတွေနဲ့ ပြည်သူနေထိုင်ရာနေရာတွေကို လေကြောင်းက တိုက်လေယာဉ်နဲ့ တိုက်ခိုက်တာအပြင် ပါရာမော်တာ၊ ဂျိုင်ရိုကော်ပတာတွေနဲ့လည်း ဗုံးကြဲတိုက်ခိုက်နေ​တွေကိုဆက်တိုက် ပြုလုပ်​နေတာဖြစ်ပါတယ်။
နိုဝင်ဘာလ ၆ ရက်​နေ့ကလည်း ပဲခူးတိုင်းဖြူးမြို့နယ်မှာ ဗုံးလာကြဲတဲ့ဂျိုင်ရိုကော်ပတာ အပြန်မှာပျက်ကျပြီး စစ်သား နှစ်ဦးသေတယ်လို့ ပဲခူးတိုင်း စစ်ဌာနကထုတ်ပြန်ထားပါတယ်။
အခုနှစ် ဧပြီလကလည်း စစ်ကောင်စီ တပ်မ ၁၀၁ ကနေ ပခုက္ကူမြို့ဘက် ပျံတက်လာတဲ့ ပါရာမော်တာ(စက်တပ်လေထီး) တစ်စီးကို ကာကွယ်
ရေးအဖွဲ့တွေ ပစ်ချနိုင်ခဲ့ပါတယ်။
စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေဆက် တိုက်ပြုလုပ်နေအပြင် မကွေး၊စစ်ကိုင်း နဲ့ မန္တလေးတိုင်းမှာ ပါရာမော်တာ၊ဂျိုင်ရိုကော်ပတာ တွေ တွင်တွင်ကျယ်ကျယ်အသုံးပြုနေတာဖြစ်ပါတယ်။
ရုပ်သံ-မြိုင်ပကဖ
𝗣𝗲𝗼𝗽𝗹𝗲’𝘀 𝗦𝗽𝗿𝗶𝗻𝗴