နှစ်(၂၀၀)ကျော် ထောင်ဒဏ်ချမှတ်ခံထားရတဲ့ UGရဲဘော်ကို PDFနဲ့ပကဖတွေ ရုပ်ရှင်ဆန်ဆန်တိုက်ခိုက်ကယ်ထုတ်

နှစ်(၂၀၀)ကျော် ထောင်ဒဏ်ချမှတ်ခံထားရတဲ့ UGရဲဘော်ကို PDFနဲ့ပကဖတွေ ရုပ်ရှင်ဆန်ဆန်တိုက်ခိုက်ကယ်ထုတ်
နိုဝင်ဘာ-၂၁၊၂၀၂၅။ကဖေး၊​ဇော်ဝင်း/People’s Spring

မကွေးတိုင်း၊ ချောက်မြို့မှာ စစ်ကောင်စီအဓိကထောက်တိုင်ချောက်မြို့စည်ပင်သာယာရေးကော်မတီဥက္ကဌ(မြို့တော်ဝန်) ပစ်ခတ်ရှင်းလင်းမှုနဲ့ အဖမ်းခံရပြီး ထောင်ဒဏ် နှစ်(၂၃၀)ကျော် ချမှတ်ခံထားရတဲ့ မြို့ပြပြောက်ကျားရဲဘော်ကို ထောင်ပို့ဆောင်စဉ်မှာ PDF၊ပကဖနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ရုပ်ရှင်ဆန်ဆန်ကြားဖြတ်တိုက်ခိုက်ပြီး ကယ်ထုတ်နိုင်ခဲ့ပါတယ်။
ချောက်မြို့နယ်ပကဖ လက်ရုံးစစ်ကြောင်း- Chauk Guerrilla Forceက ရဲဘော်နက်ရှိုင်း(ခ)မိုးညိုကို နိုဝင်ဘာ ၁၉ရက် မနက်ပိုင်းမှာ ကယ်ထုတ်နိုင်ခဲ့တာပါ။
” ရုပ်ရှင်ဆန်ဆန်ပဲ။ ရဲစခန်းကနေ ထောင်ကို ပို့မယ့်သတင်းရလို့ တောထဲမှာ ၄ရက်တိတိစောင့်ပြီးမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာ”လို့ ဒီဖြစ်စဉ်ကိုသိတဲ့ တော်လှန်ရေးရဲဘော်တစ်ဦးက People’s Spring ကို ပြောပါတယ်။
ရဲဘော်မိုးညိုဟာ ပြီးခဲ့တဲ့၂၀၂၂မှာ ချောက်မြို့စည်ပင်သာယာရေးကော်မတီဥက္ကဌ(မြို့တော်ဝန်) ဦးသန့်ဇင်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တဲ့အမှုနဲ့ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ စစ်ကောင်စီက ပုဒ်မမျိုးစုံတပ်ခဲ့ပြီး ထောင်ဒဏ် နှစ်ပေါင်း၁၇၀ တစ်ကြိမ်၊ ၆၇ နှစ်တစ်ကြိမ်ချထားပြီး နောက်ထပ်အမှုတွေ ထပ်စွဲခံရသူဖြစ်ပါတယ်။
“ထောင်ထဲကနေထုတ်ပြီး စစ်တာ။ရဲစခန်းကနေ ထောင်ပြန်အပို့မှာ ဖြတ်တိုက်တာ”လို့ ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
နိုဝင်ဘာ ၁၁ရက်မနက်က ချောက်မြို့နယ်ရဲစခန်းကနေ ရေနံချောင်းနဲ့မကွေးမြို့ကြားမှာရှိတဲ့ ဒေါင်းနေအကျဉ်းထောင်ကို လုံခြုံရေးကားတစ်စီး၊ ပျူစောထီး ကားတစ်စီး၊ စုစုပေါင်းကားနှစ်စီးနဲ့ လုံခြုံရေးယူပြီး ပို့ဆောင်စဉ်မှာ ကြားဖြတ်ကယ်ထုတ်ခဲ့တာဖြစ်ပါတယ်။
“အံစာတုံး ကား နဲ့ မက်တူး ကားတစ်စီးပါတယ်။အကျဥ်းသားကားကို မိုင်းဆွဲ တိုက်ခိုက်တာမဟုတ်ဘဲ နောက်က စောင့်ကြပ်လိုက်ပါတဲ့ မက်တူးကားကို။ပြီးတံအခါ အကျဥ်းသားတွေပါတဲ့ အံစာတုံးကားကို ရပ်သွားအောင် ပစ်ခတ်မှုလုပ်တယ်။ကားကတော့ ရပ်မသွားဘူး”လို့Chauk Guerrilla Force ( ချောက်မြို့နယ်ပကဖလက်ရုံးစစ်ကြောင်းမှူး )ကိုဖြိုးထက်နိုင်ကပြောပါတယ်။
“လွတ်မြောက်လာတဲ့ ရဲဘော်က ကိုယ့်ရဲဘော်တွေလာကယ်တင်တာသိတဲ့အတွက်တံခါးနားမှာလည်း ရှိနေတဲ့အတွက်သူက ခုန်ချ ထွက်ပြေးခဲ့တယ်။ဒါပေမယ့်သူတို့က ပြန်ဆွဲတင်ဖို့လုပ်တယ်။အဲဒီအချိန်ကျွန်တော်တို့က ဖိပြီးပစ်တယ်။အဲဒါကြောင့် ဆွဲမတင်တော့ဘဲ သူတို့ဘာသာကိုယ်လွတ်ရုန်းပြီးမောင်း ပြေးထွက်သွားကြတယ်”လို့သူကဆက်​ပြောပါတယ် ။
ချောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့( ချောက်ပကဖ ) ၊ Chauk Guerrilla Force၊ Chauk Special Attack Force (မကွေးခရိုင်ပကဖ အထူးတိုက်ခိုက်ရေး တပ်ခွဲ – ၅) နဲ့ Tiger Fighter Force ပူးပေါင်းမဟာမိတ်အဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ချောက်ပကဖကနိုဝင်ဘာ၂၁ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
” ကားပေါ်မှာ နိုင်ငံရေးအကျဉ်းသား၅ဦးပါတယ်။ ကျန်တဲ့သူတွေကတော့ မပြေးရဲဘူးထင်တယ်။ သူတို့အကြောင်း မသိရသေးဘူး။ ကျနော်တို့ရဲဘော်မိုးညိုကတော့ ခုန်ချပြီး လွတ်အောင်ထွက်ပြေးလာနိုင်ခဲ့တယ်။ နဖူးမှာ ဒဏ်ရာနည်းနည်းရတယ်” လို့ ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
ကျန်တဲ့ နိုင်ကျဥ်းလေးဦးက မကွေးထောင် ရောက်သွားပြီလို့လည်းသိရပါတယ် ။
ရဲဘော်မိုးညိုကို ကြားဖြတ်ကယ်ထုတ်တဲ့ စစ်ဆင်ရေးမှာ စစ်ကောင်စီရဲ့လုံခြုံရေးတပ်ဖွဲ့နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ပစ်ခတ်မှုတွေလည်းဖြစ်ခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ကြားပေမယ့် အသေးစိတ်မသိရသေးပါဘူး။
စစ်ဆင်ရေးပြုလုပ်ခဲ့တဲ့ ချောက် -ရေနံချောင်းအမှတ် (၃) ပြည်ထောင်စုလမ်းပိုင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက အရေးပေါ်အခြေအနေထုတ်ပြန်ထားပါတယ်။ ရဲဘော်မိုးညိုကတော့ လုံခြုံတဲ့နေရာကိုရောက်ရှိနေပြီဖြစ်ပြီလို့ သိရပါတယ်။
“လွတ်​မြောက်လာတဲ့ ရဲဘော်က တော်လှန်ရေးဆက် လုပ်မယ်။မနားဘူး။ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် တော်လှန်ရေးမှာ ဆက်တာဝန်ထမ်းဆောင်မယ်ပြောတယ်”လို့ကိုဖြိုးထက်နိုင်ကဆက်​ပြောပါတယ်။
ရုပ်သံ-​ပေးပို့
𝗣𝗲𝗼𝗽𝗹𝗲’𝘀 𝗦𝗽𝗿𝗶𝗻𝗴