AAနဲ့ချင်းညီနောင်တွေ့ဆုံမှု တော်လှန်ရေးအရှိန်မြှင့်ပေးမယ့် အရေးကြီးတဲ့သမိုင်းမှတ်တိုင်ဖြစ်ဟု NUG ပြော

AAနဲ့ချင်းညီနောင်တွေ့ဆုံမှု တော်လှန်ရေးအရှိန်မြှင့်ပေးမယ့် အရေးကြီးတဲ့သမိုင်းမှတ်တိုင်ဖြစ်ဟု NUG ပြော
နိုဝင်ဘာ-၁၉၊ ၂၀၂၅။ ပုရစ်/People’s Spring
ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA) နဲ့ ချင်းညီနောင် (CB) မဟာမိတ်အဖွဲ့ ခေါင်းဆောင် တွေ တွေ့ဆုံပြီး စစ်ကောင်စီရဲ့ တန်ပြန်ထိုးစစ်တွေကို ပူးပေါင်းကာကွယ်တန်ပြန်ဖို့ ရည်ရွယ်ဆောင်ရွက်တာဖြစ်ပြီး ချင်း၊ ရက္ခိုင် လူမျိုးစုနှစ်ခုလုံးအကျိုးပြုမယ့် သဘောထားတွေ သိမြင်ရတဲ့အပေါ် ဝမ်းသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။
“ဒီလိုမျိုး စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး အလွှာ ပေါင်းစုံကနေ ချင်းနဲ့ ရခိုင် ညီနောင်များ ပူးပေါင်းဆောင်ရွက်မှုက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တော်လှန်ရေးအရှိန်အဟုန်ကို မြှင့်တင်ပေးမယ့် အရေးကြီးတဲ့သမိုင်းမှတ်တိုင်တစ်ခုအဖြစ် မှတ်တမ်းတင်ရမှာ ဖြစ်ပါတယ်” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။
ဒီကနေ့ နိုဝင်ဘာ ၁၉ရက်မှာ ပြုလုပ်တဲ့ ပြည်သူလူထုနဲ့ နိုင်ငံတကာကို သတင်းစကား ပြောကြားတဲ့ အစီအစဉ်မှာ ဦးနေဘုန်းလတ်က အခုလို ပြောကြားခဲ့တာပါ။
AAနဲ့ ချင်းညီနောင် ခေါင်းဆောင်တွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာက ရက္ခိုင်ပြည်နယ်မှာ တွေ့ဆုံခဲ့တာပါ။ AA ဘက်က တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်အပါအဝင် နိုင်ငံရေးနဲ့ စစ်ရေး ခေါင်းဆောင်တွေ အစုံအလင်တက်ရောက်သလို ချင်းညီနောင်ကလည်း အဖွဲ့ဝင် ၆ဖွဲ့က ခေါင်းဆောင်တွေ တက်ရောက်ခဲ့တယ်လို့ ချင်းညီနောင် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က ပြောထားပါတယ်။
“စစ်ရေးအပြင် တနိုင်ငံလုံးရဲ့ အရေးရဲ့အပြင် တနိုင်ငံလုံးဆိုတာ ကျနော်တို့က မြန်မာတော်လှန်ရေးက ဘယ်ဒေသမှာ ဘယ်လိုအခြေအနေရှိတယ်။ကျနော်တို့ ဒေသမှာလည်း ဘယ်လိုလုပ်ကြမှ ဖြစ်မယ် ဆိုတာမျိုးတွေဘယ်လိုပူးပေါင်းကြမှာဖြစ်တယ်ဆိုတဲ့အပိုင်းတွေပေါ့။ ပြီးတော့ နိုင်ငံရေးအပိုင်းတွေရော၊စီးပွားရေးပေါ့၊ နောက်နောင်ကို ပြည်သူလူထု စားဝတ်နေရေး ပြေလည်ဖို့ အခွင့်အလမ်းတွေ ဖန်တီးဖို့ စသဖြည့်ပေါ့ ရေရှည်ဆက်သွားရမယ့် အပိုင်းတွေက အစ ရေရှည်အကျိုးစီးပွားအတွက် တဦးနဲ့ တဦး အပြန်အလှန် ကျေးဇူးပြုဖို့ တဦးနဲ့တဦး အပြန်အလှန် အထောက်အကူပြုဖို့ပေါ့နော်။ အဲဒီအပိုင်းတွေပါ။”လို့ ဆလိုင်းယောမာန်က AAနဲ့တွေ့‌ဆုံဆွေးနွေးမှု အကြောင်း ပြောပြပါတယ်။
စစ်ရေးပူးပေါင်းဆောင်ရွက်မှုအပြင်၊ နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ မဟာမိတ်အဖြစ်ပါ ပူးပေါင်းဆောင်ရွက်သွားဖို့ ဆွေးနွေးဆုံးဖြတ်ခဲ့ကြတဲ့ အပေါ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ အထူးပဲ တန်ဖိုးထား ချီးကျူးဂုဏ်ပြုလိုကြောင်း ဦးနေဘုန်းလတ်က ပြောပါတယ်။
“တိုင်းရင်းသားညီနောင်နှစ်ဖွဲ့ဖြစ်တဲ့ ရခိုင်နဲ့ ချင်း ပြည်သူတွေအကြား သမိုင်းကြောင်းအရ ကန့်သတ်ခံခဲ့ရတဲ့ ဆက်ဆံရေးကို အခုလို တော်လှန်ရေးကာလမှာ ခိုင်မာတဲ့မဟာမိတ်အဖြစ် အခြေခံကျကျ မျှော်မြင်ပြီး ပူးပေါင်းဆောင်ရွက်ကြတာဟာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် အလွန်အားတက်ဖွယ်ရာဖြစ်ပါတယ်” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။
(ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)ခေါင်းဆောင်တွေနဲ့ ချင်းညီနောင် ခေါင်းဆောင်တွေ တွေ့ဆုံနေစဉ်။ ဓာတ်ပုံ – ချင်းညီနောင်)