ရွှေကုက္ကိုလ်ကျားဖြန့်နှိမ်နင်းရေး စစ်ကောင်စီဖိအားကြောင့်သာ ဆန္ဒမပါဘဲ စောချစ်သူ ပူးပေါင်း
မဲခေါင်၊ နိုဝင်ဘာ ၁၉











The Nation Thailand သတင်းဌာန၏ နိုဝင်ဘာ ၁၈ ရက် ဖော်ပြမှုအရ ရွှေကုက္ကိုလ်ရှိ ကျားဖြန့်ရာဇဝတ် လုပ်ငန်းများအား အပြီးတိုင် တိုက်ဖျက်ရန် လုပ်ဆောင်နေမှုတွင် ယင်းရွှေကုက္ကိုလ်မြို့သစ်အား အဓိကထိန်းချုပ်ထားသည့် ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် စောချစ်သူသည် မလိုလားသည့်ကြားမှ မြန်မာစစ်ကောင်စီ၏ ဖိအားပေးခြင်းကြောင့် ၎င်း၏ တပ်များကို စကစ၏ တပ်မ ၂၂ နှင့် ပူးပေါင်းစေခဲ့ခြင်းဖြစ်သည်ဟု ခေါင်းစဉ်တပ် ဖော်ပြထားသည်။
ယုံကြည်ရသောထိုင်း-မြန်မာနယ်စပ် သတင်းရင်းမြစ်တစ်ခုက BGF သည် မြန်မာစစ်ကောင်စီကိုယ်တိုင် တိုက်ရိုက် ရွှေကုက္ကိုလ်ကျားဖြန့် နှိမ်နင်းမှုကို ပါဝင်လာခြင်းအား မကျေနပ်ဟုဆိုသည်။
သို့သော် ၂၀၂၅ ခုနှစ် မတ် လကတည်းက တိုက်ဖျက်ပြီးသားဟု BGF ဘက်မှထုတ်ပြန်ခဲ့သော်လည်း ယင်းမြို့သစ်အတွင်း တကမ္ဘာလုံးသို့ လိမ်လည်နေသည့် ကျားဖြန့်လုပ်ငန်းများ ခဏသာအရပ်ပြကာ ဆက်လက် လုပ်ဆောင်နေသဖြင့် မြန်မာ စစ်တပ်က ဖိအားပေးပြီး ဝင်ရောက်လာသောကြောင့် မကျေနပ်သော် လည်း မတတ်သာဘဲ BGF တပ်များကို စကစ တပ်မ ၂၂ နှင့် ပူးပေါင်းစေခဲ့ခြင်ဖြစ်သည်ဟု ဆိုသည်။
နိုဝင်ဘာ ၁၇ ရက်ညတွင် BGF ခေါင်းဆောင်တစ်ဦးဖြစ်သော နိုင်မောင်ရွှေနှင့် တပ်မ ၂၂ တို့ ပူးပေါင်းပြီး ရွှေကုက္ကိုလ်သို့ ဝင်ရောက်လာပြီးနောက် ကျားဖြန့်လုပ်ငန်းများအား စီးနင်းမှုလုပ်ဆောင်နေကာ နိုဝင်ဘာ ၁၈ ရက် ထိုင်း The Reporters မီဒီယာသို့ BGF တာဝန်ခံနိုင်မောင်ရွှေ ပြောပြမှုအရ တရုတ်နိုင်ငံသားကျားဖြန့်တရားခံ ၃၄၆ ယောက်ဖမ်းဆီးထားပြီး ကွန်ပျူတာ အလုံး ၂၀၀ ကျော် သိမ်းဆည်းရမိကြောင်း သိရသည်။
နိုင်ငံတကာမှ ကျားဖြန့်ဝန်ထမ်း ၂၀၀၀ ကျော်ကိုလည်း KK Park ဖြစ်စဉ်ကဲ့သလို့ ထိုင်းဘက်သို့ လွှဲအပ်ပြီး နေရပ်ပြန်ပို့ရေးကိစ္စများဆောင်ရွက်ရန် လုပ်ဆောင်နေသလို တချို့သော ကျားဖြန့်သမားများသည် ရွှေကုက္ကိုလ်မှ ထွက်ခွာပြီး အခြားသော နေရာများသို့ အုပ်စုလိုက် ပြောင်းရွှေ့ထွက်ခွာနေသည်ဟုလည်း The Reporters က ဖော်ပြသွားခဲ့သည်။
ကိုကလင်း
Ref: The Nations & The Reporters