စစ်တပ်ထိုးစစ်ကြောင့် ယာယီဖယ်ပေးခဲ့ရတဲ့ ကနေဒီတောင်ကို PDF ဇိုလဲန်း ပြန်ထိန်းချုပ်
နိုဝင်ဘာ ၁၉၊ ၂၀၂၅။ ထားမြတ်/People’s Spring



အာဏာသိမ်းစစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာလို့ ဆုတ်ခွာခဲ့ရတဲ့ တီးတိန်မြို့နယ်က ကနေဒီတောင်တပ်စခန်းနေရာကို နိုဝင်ဘာ ၁၈ရက်မှာ ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ချင်းညီနောင်အဖွဲ့ဝင် PDF ဇိုလဲန်းက ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၂၉ရက်မှာ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို ဗျူဟာအရ ခေတ္တရှောင်ပေးခဲ့တာဖြစ်ကြောင်း အသိပေးပြီး ကနေဒီတောင်ကို PDF ဇိုလဲန်းရဲဘော်တွေ ပြန်လည်ထိန်းချုပ်နိုင်မှု ရုပ်သံကို ဖော်ပြပါတယ်။
“ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် အလုံးအရင်းနဲ့ ချီတက်လာကြတဲ့ စကမ ရွေ့လျားစစ်ကြောင်းများကို ချင်းညီနောင်ကနေ ဗျူဟာအရ ခေတ္တရှောင်ပေးခဲ့ပြီး တော့ ယနေ့ နိုဝင်ဘာလ ၁၈ရက်နေ့မှာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်တဲ့အကြောင်းကို၊ ခဲယမ်းများလည်းသိမ်းဆည်းရမိတဲ့အကြောင်းကို မြေပြင်မှ သတင်းပို့လာတဲ့အတွက်ကြောင့်မို့လို့ ယခုကဲ့သို့ မိဘပြည်သူများ သိရှိနိုင်ရန် အတွက် Breaking News တင်ပြလိုက်တာဖြစ်ပြီးတော့ ဗီဒီယိုဖိုင်များနဲ့ စာထုတ်ပြန်ချက်များကိုလည်း သီးသန့်ပြန်လည် ပြီးတော့မှ ဒီ Page(PDF Zoland ဖေ့စ်ဘွတ်ခ်စာမျက်နှာ)ကနေ တင်ပြပေးသွားမှာဖြစ်တယ်” လို့ တာဝန်ရှိသူ တဦးက ပြောကြားခဲ့ပါတယ်။
စစ်ရေးအရအရေးပါတဲ့ နေရာတခုဖြစ်တဲ့ ကနေဒီတောင်ကို PDF ဇိုလဲန်းက ၂၀၂၃ နိုဝင်ဘာမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး အခုနှစ် အောက်တိုဘာလကုန်ပိုင်း စစ်ကောင်စီတပ်ရဲ့ ထိုးစစ်မှာ ပြန်လည်လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ ချင်းပြည်နယ် မြောက်ပိုင်းထိုးစစ်ကို အောက်တိုဘာလကုန်မှာ မြေပြင်၊ လေကြောင်း အသုံးပြု စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာလို့ ချင်းညီနောင်၊ ချင်းပြည်ကောင်စီနဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ခုခံတိုက်ခိုက်လျက်ရှိပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ဘက်ကနေ တီးတိန်မြို့နယ် သိုင်းငင်းဒေသဘက်ကို မြေပြင်က စစ်ကြောင်းထိုးလာသလို တီးတိန်မြို့ကို စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ ၂၆ကြိမ် စစ်အင်အားပို့ပြီး တီးတိန်မှ သိုင်းငင်းဘက်ကိုထိုးစစ်ဆင်လာတာဖြစ်ပါတယ်။
စစ်ကောင်စီတပ် ထိုးစစ်ကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက ခုခံတိုက်ခိုက်ခဲ့ပေမယ့် နေရာအချို့ကို လက်လွှတ်ဆုံးရှုံးခဲ့ပြီး ကလေး -သိုင်းငင်း-တီးတိန်လမ်းကို စစ်ကောင်စီက ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပါတယ်။
တဖက်မှာလည်း စစ်ကိုင်းတိုင်း ကလေးမြို့နယ်ကနေ ဖလမ်းမြို့နယ် ဝေဘူလဘက်ကို စစ်ကောင်စီတပ်က စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ခဲ့ပြီး ဝေဘူလမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ချင်းညီနောင်နဲ့ ချင်းပြည်ကောင်စီ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ခုခံတိုက်ခိုက်ခဲ့လို့ ဖလမ်းနဲ့ ၁၂မိုင်ခန့်အကွာ မဏိပူရမြစ်အနီး အပါအဝင် ကလေး၊ ဂန့်ဂေါ၊ တီးတိန်၊ ဖလမ်းစတဲ့ မြို့နယ်တွေမှာ နိုဝင်ဘာလအတွင်း တိုက်ပွဲတွေ ဆက်ရှိခဲ့ပြီး စစ်ကောင်စီအထိနာလို့ လေကြောင်း ပစ်ကူ အကြိမ်ပေါင်းများစွာ ပြုလုပ်လျက်ရှိပါတယ်။
ချင်းပြည်ကောင်စီ ကာကွယ်ရေးဌာနရဲ့ နိုဝင်ဘာ ၁၈ရက် တိုက်ပွဲသတင်းထုတ်ပြန်ချက်အရ ဖလမ်းနဲ့ ဝေဘူလ အကြား၊ တီးတိန်မြို့နဲ့ ခိုင်ကမ်းမြို့အကြား၊ ကလေးမြို့နဲ့ ဂန့်ဂေါမြို့အကြား တိုက်ပွဲတွေဖြစ်ခဲ့ပြီး အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ဗိုလ်မှူး ၊ ဗိုလ်ကြီးအဆင့် အရာရှိတွေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ခန့်ကို ချေမှုန်းနိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းရခဲ့တယ်လို့ အသိပေးထားပါတယ်။
(ချင်းပြည်နယ်မြောက်ပိုင်းမှ အမြင့်ဆုံးတောင်ထိပ်တစ်ခုဖြစ်သော ကနေဒီတောင်ပေါ်ရှိ စစ်တပ်စခန်းကို သိမ်းပိုက်ပြီးနောက် PDF Zoland အလံကို လွှင့်ထူနေစဉ်၊ PDF Zolandက ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ – PDF Zoland)