စလင်းနှင့် သာယာဝတီ မြို့နယ်တွင် စစ်မှုထမ်းအပတ်စဉ် ၁၉ အတွက် လူငယ် ၃၀ နီးပါးကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီး

စလင်းနှင့် သာယာဝတီ မြို့နယ်တွင် စစ်မှုထမ်းအပတ်စဉ် ၁၉ အတွက် လူငယ် ၃၀ နီးပါးကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီး
ရန်ကုန်၊ နိုဝင်ဘာ ၁၁
မကွေးတိုင်း၊ စလင်းမြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး လူငယ် ၂၅ ဦးကို ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း ပြည်သူ့ ညီနောင်-စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ရန်ကုန်ခေတ်သစ်တင်းဌာနထံသို့ပြောဆိုသည်။
စလင်းမြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး လူငယ် ၂၅ ဦးကို အဓမ္မပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ၊ထိုအကြမ်းဖက် စစ်သားများ ပေါ်တာဆွဲ ဖမ်းဆီးခဲ့သော လူငယ် ၂၅ ဦးသည် အသက် အရွယ် ၂၀ ကျော်မှ အသက် ၃၅ နှစ် အရွယ်အတွင်းရှိ လူငယ်များဖြစ်ကြောင်း၊ ထိုသို့ ပေါ်တာဆွဲ ဖမ်းဆီးသွားသူများထဲမှ ၁၆ ဦးကို စစ်သင်တန်းကျောင်းသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
ကျန် လူငယ် ၉ ဦးကို အကြမ်းဖက် စစ်သားများက မိသားစုထံ အကြောင်းကြားပြီး ငွေကျပ် သိန်း ၁၀၀ ဖြင့် ပြန်လည် ရွေးထုတ်ခိုင်းသောကြောင့် မိသားစုများက လာရောက် ရွေးယူသွားကြောင်း သိရှိရသည်။
“စစ်ခွေးတွေ ပေါ်တာဆွဲ ဖမ်းဆီးတာကတော့ လူငယ် ၂၅ ဦးရှိတယ်။ မြို့ပေါ်ဆိုရင် လမ်းထဲအထိ ပေါ်တာဝင်ဆွဲတယ်။ စလင်းမြို့နယ်ဆိုရင် ကျေးရွာထဲကို ဝင်ရောက်ပြီး လူငယ်တွေ နေထိုင်တဲ့ အိမ်တွေပေါ်အထိ တက်ဆွဲတယ်။ စစ်ခွေး ဖမ်းဆီးသွားတဲ့ လူငယ် ၂၅ ဦးထဲက လူငယ် ၉ ဦးကို တစ်ယောက် သိန်း ၁၀၀ အထိပေးပြီး ပြန်ရွေးရတယ်လို့ကြားတယ်။ ကျန်တဲ့သူတွေကို စစ်သင်တန်းကျောင်းကို ပို့လိုက်တယ်သိရတယ်” ဟု ပြည်သူ့ ညီနောင်-စလင်း သတင်းတာဝန်ခံ ကိုပြည်သူကပြောဆိုသည်။
အလားတူ ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့တွင်လည်း အကြမ်းဖက် စစ်တပ်က ဆန်စက်မှ ပြန်လာသည့် လူငယ် ၂ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၇ ရက်နေ့ ညနေ ၆ နာရီခန့်အချိန် သုံးဆယ်မြို့ အနောက်ရေတွင်းကုန်း ကျေးရွာအတွင်းကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး ဆန်စက်မှ အလုပ်ဆင်းပြီးပြန်လာသည့် လူငယ် ၂ ဦးကို စစ်သားများက ပေါ်တာဆွဲဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးခံရသော လူငယ် ၂ ဦးသည် ဝင်ငွေနည်း အခြေခံ လူတန်းစားများဖြစ်ပြီး အနောက်ရေတွင်းကုန်းရွာမှ မောင်ဖိုးချစ်နှင့် အငယ်လေး ဆိုသူတို့ကြောင်း သိရှိရသည်။
“သုံးဆယ်မြို့ အနောက်ရေတွင်းကုန်းကျေးရွာမှာ ဆန်စက်ဆင်းပြီးပြန်လာတဲ့ လူငယ် ၂ ဦးကို စစ်ခွေးတွေက ပေါ်တာဆွဲဖမ်းဆီးသွားတာ ဖမ်းဆီးခံရတဲ့ လူငယ် ၂ ဦးကတော့ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ အခြေခံ လူတန်းစားတွေပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်က ယခု နိုဝင်ဘာလအတွင်း စစ်မှုထမ်းအပတ်စဉ် ၁၉ ကို ဖွင့်လှစ်သွားမည်ဖြစ်ပြီး နိုင်ငံတစ်ဝန်းတွင် လူငယ်များကို အကြမ်းဖက် ပေါ်တာဆွဲ ဖမ်းဆီးမှုများ တောက်လျှောက်ဆိုသလို လုပ်ဆောင်နေကြောင်း စုံစမ်းသိရှိရသည်။
3

မုံရွာမှာ ပေါ်တာဆွဲမှု ပိုဆိုးလာပြီး တရက်တည်း လူငယ် ၃၀ကျော် ဖမ်းဆီးခံရ
နိုဝင်ဘာ-၁၁၊ ၂၀၂၅။ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးမှု ပိုမိုဆိုးရွားလာပြီး နိုဝင်ဘာ ၁၀ရင် တရက်တည်း လူငယ် ၃၀ကျော် ဖမ်းဆီးခံလိုက်ရကြောင်း မြို့ခံတွေက ပြောပါတယ်။။
မနေ့က နိုဝင်ဘာ ၁၀ ရက်က မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်က အိမ်စီးကားတွေနဲ့ ပေါ်တာလိုက်ဆွဲခံရာ ညနေပိုင်းမှာတော့ စက်မှုဇုန်ကနေ အလုပ်ပြန်လာတဲ့ အလုပ်သမား ၁၀ဦးထက်မနည်း ပေါ်တာဆွဲဖမ်းဆီးခံလိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။
“ကားတွေနဲ့ပိတ်ရပ်ပြီးဖမ်းတာ။ ၃ ရက်လောက်ရှိပြီ။ တော်တော်ဆိုးတယ်။ ရက်ရက်စက်စက်ကိုဆွဲတာ။ ညတွေအထိကိုဆွဲတာ။”လို့ မုံရွာမြို့ခံတဦးက ပြောပါတယ်။
အလားတူ နေ့လယ်ပိုင်းကလည်း မုံရွာမြို့၊ သမစိတ္တလမ်းဘက်မှာ ဆိုက်တွဲနဲ့လာတဲ့ သားအဖသုံးဦးလုံးအား စစ်အုပ်စုက ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောပါတယ်။
“သားအဖ သုံးယောက် ဘေးတွဲ့နဲ့လာတာ။ ဘိုးတော်ကြီးဆိုအသက်ကြီးပြီ။ ၃ ယောက်လုံးဖမ်းသွားတယ်။”လို့ အခြား မုံရွာမြို့ခံ တဦးက ပြောပါတယ်။
တမြို့လုံးကို မနက်ကနေ ညအထိ ပေါ်တာပတ်ဆွဲနေတာကြောင့် မနေ့ကတရက်တည်း ၃၀ကျော် ဖမ်းဆီးခံရပြီး အရေအတွက်ဒီ့ထက်ပိုများနိုင်ကြောင်း မြို့ခံတွေက ပြောပါတယ်။
ဒီနေ့မနက်လည်း စစ်ကြောင်းထိုးနေတဲ့ သာစည်လမ်းဘက်မှာ စစ်အုပ်စုက ဆိုက်တွဲသမားတွေကို ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ သီတင်းကျွတ်၊ တန်ဆောင်တိုင်ကာလမှာ မုံရွာမြို့မှာလည်း ပျော်ပွဲရွှင်ပွဲတွေ လုပ်ပေးပြီး ပွဲတော်အပြန်လူငယ်တွေကို ပေါ်တာဆွဲခဲ့ပါသေးတယ်။ ဒါ့အပြင် ယခုနိုဝင်ဘာလအတွင်းမှာလည်း စျေးရောင်းပွဲတော်နဲ့ စတိတ်ရှိုးပွဲကို ပြုလုပ်ပေးပြီး ပေါ်တာဆွဲဖို့ စီစဥ်နေကြောင်း သတင်းရရှိပါတယ်။
(စစ်မှုထမ်းသင်တန်း တက်ရန် စစ်တပ်ထဲ ရောက်လာခဲ့သောလူငယ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-စကစ)