ရန်ကုန်၊ မွန်နှင့် ပဲခူး ပကဖ တိုက်ခိုက်ရေး စစ်ကြောင်းများကို အထူးတိုင်းစစ်ဌာနက လက်နက်တပ်ဆင်ပေးပြီး စစ်တပ်၏ တန်ပြန်ထိုးစစ်များကို ချေမှုန်းရန်နှင့် အထွေထွေစစ်အတွက် အင်အားစုစည်း တည်ဆောက်ခြင်း ဟုဆို

ရန်ကုန်၊ မွန်နှင့် ပဲခူး ပကဖ တိုက်ခိုက်ရေး စစ်ကြောင်းများကို အထူးတိုင်းစစ်ဌာနက လက်နက်တပ်ဆင်ပေးပြီး စစ်တပ်၏ တန်ပြန်ထိုးစစ်များကို ချေမှုန်းရန်နှင့် အထွေထွေစစ်အတွက် အင်အားစုစည်း တည်ဆောက်ခြင်း ဟုဆို
ရန်ကုန်၊ နိုဝင်ဘာ ၁၀

ရန်ကုန်၊ မွန်နှင့် ပဲခူး ပကဖ တိုက်ခိုက်ရေး စစ်ကြောင်းများကို အထူးတိုင်းစစ်ဌာနက လက်နက်တပ်ဆင်ပေးပြီး အကြမ်းဖက် စစ်တပ်၏ တန်ပြန်ထိုးစစ်များကို ချေမှုန်းရန်နှင့် အထွေထွေစစ်အတွက် အင်အားစုစည်း တည်ဆောက်ခြင်း ဖြစ်ကြောင်း အထူးတိုင်းစစ်ဌာန၊ တိုင်းကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ပဲခူးတိုင်း ရှေ့တန်းစခန်းတစ်ခု၌ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာနက တိုင်းစစ်ဌာနစစ်ဆင်ရေးကွပ်ကဲမှုတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တိုက်ခိုက်ရေးစစ်ကြောင်းများအဖြစ် ကွပ်ကဲမှူခံယူ၍ စစ်ဆင်ရေးပူးပေါင်းဆောင်ရွက်နေသော ရန်ကုန်တိုင်းပကဖတိုက်ခိုက်ရေးစစ်ကြောင်း၊ မွန်ပြည်နယ်ပကဖတိုက်ခိုက်ရေးစစ်ကြောင်း နှင့် ပဲခူးခရိုင်ပကဖ တိုက်ခိုက်ရေးစစ်ကြောင်းများအား လက်နက်တပ်ဆင်ခြင်းအခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ထို အခမ်းအနားတွင် အထူးတိုင်းစစ်ဌာန၊ တိုင်းကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှား နှင့် ဒု-ကွပ်ကဲရေးမှူး ရဲဘော်အေးမင်းထွန်းက အဖွင့်အမှာ စကားပြောကြားခဲ့ကြောင်း၊ ထို့ပြင် တိုင်းစစ်ဌာနအရာရှိများ၊ နည်းဗျူဟာမှူးများမှ PDF ၊ ပကဖ ပူးပေါင်းစစ်ဆင်ရေးကိစ္စများ၊ သတင်းထောက်လှမ်းရေး ၊ ထောက်ပို့ကိစ္စများ ဆွေးနွေးပြောကြားခဲ့ကြောင်း၊ ဆက်လက်၍ လက်နက်များ ၊ ကျည်ဘောက်များ၊ ကျည်ခဲယမ်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
“ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေဟာ လူ ၊ လက်နက် နဲ့ အခြားထောက်ပံမှုတွေ အားလုံး အတူတကွမျှဝေသုံးစွဲနိုင်ရမယ်။ အဲတာမှ စစ်ဆင်ရေးတွေမှာ အတူတကွပေါင်းစည်းလုပ်နိုင်မယ်။ အဓိကကတော့ ရှိနေပြီးသား PDF ၊ ပကဖ ၊ LDF တွေဟာ အမိန့်ပေးကွပ်ကဲမှု တစ်ခုတည်းအောက်မှာရှိပြီး EROs တွေနဲ့ လက်တွဲဆောင်ရွက်သွားနိုင်ဖို့နဲ့ စစ်တပ်ရဲ့ တန်ပြန်ထိုးစစ်တွေကို ချေမှုန်းဖို့ရယ်၊ အထွေထွေစစ်အတွက် အင်အားစုစည်းတည်ဆောက်ခြင်းပါ” ဟု အထူးတိုင်းစစ်ဌာန၊ တိုင်းကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားက ပြောဆိုသည်။
အထူးတိုင်းစစ်ဌာနသည် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်၏ လမ်းညွှန်ချက်များနှင့်အညီ တိုင်းစစ်ဌာနကွပ်ကဲမှူအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တပ်ရင်းများ၊ လက်ရုံးတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များ၊ ဒေသအခြေပြုကာကွယ်ရေးအဖွဲ့ (LDFs) များကို စစ်ဆင်ရေးများ အရှိန်မြှင့်ဆောင်ရွက်နိုင်ရန် လိုအပ်သည့် အုပ်ချုပ်ထောက်ပံ့ကိစ္စများဖြည့်ဆည်းရေးနှင့် COC နှစ်ရပ်နှင့်အညီ အင်အားများစုစည်းတည်ဆောက်ရေး ကြိုးပမ်း ဆောင်ရွက်လျှက်ရှိကြောင်း အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ထားသည်။