ကြံ့ဖွတ် အမတ်လောင်း စစ်ဗိုလ်ချုပ်ဟောင်းများကို ရွေးကောက်ပွဲ အနိုင်ရအောင် လုပ်ကြရန် မင်းအောင်လှိုင်က အမိန့်ပေးထားသော်လည်း အစိုးရသစ်နှင့်လွှတ်တော်သစ်တွင် မည်သည့်ရာထူးနှင့်နေရာပေးမည်ကို အသိမပေးဟုဆို
ရန်ကုန်၊ နိုဝင်ဘာ ၁၀
ကြံ့ဖွတ်ပါတီမှ ရွေးကောက်ပွဲဝင်ကြသည့် လွှတ်တော်အမတ်လောင်း စစ်ဗိုလ်ချုပ်ဟောင်းများကို ရွေးကောက်ပွဲ အနိုင် ရရှိရေး လုပ်ဆောင်ကြရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အမိန့်ပေးထားသော်လည်း အစိုးရသစ်နှင့်လွှတ်တော်သစ်တွင် မည်သည့်တာဝန်နှင့်ရာထူးများပေးမည်ကိုမူ ထုတ်ဖော်ပြောဆိုခြင်းမရှိဟု စစ်ဗိုလ်ချုပ်ဟောင်းများက ထုတ်ဖော်ပြောဆိုကြသည်။
လာမည့် ဒီဇင်ဘာလအတွင်း ပြုလုပ်မည့် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအတွက် ကြံ့ဖွတ်ပါတီတွင်း ရွေး ကောက် ပွဲ အောင်နိုင်ရေး အဖွဲ့များကို ဖွဲ့စည်း၍ မိတ်ဆက်မှုများ လုပ်ဆောင်စဉ် စစ်ဗိုလ်ချုပ်ဟောင်းတချို့က နယ် မြေခံ ကြံ့ဖွတ်ပါတီဝင်များကို ရွေးကောက်ပွဲအောင်နိုင်ရေး အားတက်သရော ပါဝင်ပေးကြရန် မေတ္တာရပ်ခံကြကြောင်း၊ နိုင်ငံတော်က တာဝန်ပေးအပ်၍ အမတ်လောင်းအဖြစ် လာရောက်ယှဉ်ပြိုင်ရခြင်းဖြစ်ကြောင်း၊ ရွေး ကောက် ပွဲအနိုင်ရရှိရေး စစ်ခေါင်းဆောင် မင်းအောင်လှိုင် က ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း၊ ရွေးကောက်ပွဲ အနိုင်ရရှိပြီးပါကလည်း အစိုးရသစ်နှင့် လွှတ်တော်သစ်တွင် မည်သည့်ရာထူး၊ တာဝန်နှင့်နေရာများ ပေးမည်ကိုလည်း မသိရှိဘဲ ကျရာတာဝန်ထမ်းဆောင်ရန် ရောက်ရှိလာခြင်းဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုကြကြောင်း သိရှိရသည်။
“အခု ပါတီထဲမှာ အောင်နိုင်ရေးအဖွဲ့တွေ ဖွဲ့တယ်။ အဲဒီမှာ နယ်မြေကွင်းဆင်းလာတဲ့ အမတ်လောင်း ဗိုလ်ချုပ်ကြီးတွေ က သူတို့ ဒီလို လာပြီး ယှဉ်ပြိုင်တာက နိုင်ငံတော်က တာဝန်ပေးလို့ လာတာ။ အနိုင်ရရှိအောင် အားလုံးက ၀ိုင်းဝန်းပြီး ကူညီပေးကြပါ။ အနိုင်ရရှိဖို့လည်း အထက်က ကြိုးစားခိုင်းထားတယ်။ အဲဒါကြောင့် သူတို့ ရွေးကောက်ပွဲနိုင်ပြီးရင်လည်း အစိုးရသစ်နဲ့ လွှတ်တော်သစ်မှာ ဘာရာထူး ဘာတာဝန် ပေးမလဲဆိုတာလည်းမသိဘူး။ ဘာတာဝန်၊ ဘာရာထူးမှ မပေးရင်လည်း လွှတ်တော်အမတ်အဖြစ်နဲ့ နယ်မြေခံ ပါတီဝင်တွေနဲ့ သူတို့ တစ်သားတည်း ရပ်တည်မယ်။ အဲဒါကြောင့် ရွေးကောက်ပွဲ အနိုင်ရရှိအောင် အားလုံးက တစ်စိတ်တစ်ဝမ်းနည်းကူညီပေးကြပါ လုပ်ပေးကြပါဆိုပြီး မေတ္တာရပ်ခံတယ်” ဟု ကြံ့ခိုင်ရေးပါတီသတင်းရင်းမြစ်က ပြောဆိုသည်။
ကြံ့ဖွတ်ပါတီက လက်ရှိ မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ရာတွင် ကုန်စျေးနှုန်းကျဆင်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် စီးပွားရေး ကောင်းမွန်ရေး ဆိုသော အချက်များကို အဓိက ထား ဦးတည်မဲဆွယ်ကြောင်း၊ မဲဆွယ်ပွဲတိုင်းတွင် ကြံ့ဖွတ်ပါတီကို မဲပေးစက်ဖြင့် မည်သို့မည်ပုံ မဲပေးရမည်ကို အဓိက ပြသစည်းရုံးနေကြောင်း သိရှိရသည်။
လက်ရှိ ကြံ့ဖွတပါတီ၏ မဲဆွယ်ပွဲ လာတက်သူများကို ဆန်၊ ဆီ၊ ဆား အပါအဝင် ရိက္ခာခြောက်များ၊ လမ်းစရိတ်အ ဖြစ် ငွေကျပ် ၂ သောင်း၊ ကြံ့ဖွတ်ပါတီ အမှတ်တံဆိပ် ဦးထုပ်၊ အင်္ကျီ၊ ဘောင်းဘီများကို အခမဲ့ ဖြန့်ဝေပြီး နေအိမ်တိုင်းတွင် ကြံ့ဖွတ် အလံများ ထောင်ထားကြရန် အလံငယ်လေးများကိုလည်း ထုတ်ပေးနေကြောင်း သိရှိရသည်။
“မဲဆွယ်ပွဲတက်ရင် ဆန် ၁ ပြည်၊ ဆီ ၂၅ ကျပ်သား တစ်ဘူး၊ ကုလားပဲ ၁ ထုပ်ပေးတယ်။ ငွေကတော့ ၂ သောင်း လမ်း စရိတ်နဲ့ မုန့်ဖိုးပေးတယ်။ ပါတီရဲ့ ဦးထုပ်၊ အင်္ကျီ ပေးတယ်။ အိမ်တိုင်းမှာ ထိုးထားဖို့ ပါတီအလံလေးတွေ ပေး တယ်။ ဒါက ဗဟိုက ချပေးတဲ့ ငွေနဲ့ လုပ်တာပါ” ဟု ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ရှင်းပြသည်။
မင်းအောင်လှိုင်၏ စေခိုင်းချက်အရ စစ်ကော်မရှင်မှ စစ်အရာရှိကြီးများဖြစ်ကြသည့် အောင်လင်းဒွေး၊ မြထွန်းဦး၊ ဝန်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ကံမြင့်သန်း (OTS-66) ၊ ဒု ဗိုလ်ချုပ်ကြီးဟောင်း တေဇကျော် (DSA – 28)၊ ဒု ဗိုလ်ချုပ်ကြီးဟောင်း သက်ပုံ (DSA – 29)၊ဒု ဗိုလ်ချုပ်ကြီးဟောင်း ဖုန်းမြတ် (OTS 73)၊ ဒု ဗိုလ်ချုပ်ကြီးဟောင်း လင်းအောင် (DSA 26)၊ ဒု ဗိုလ်ချုပ်ကြီးဟောင်း စိုးတင့်နိုင် (DSA-31) တို့က ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်/တိုင်း လွှတ်တော်တို့မှ ကြံ့ဖွတ်ပါတီကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်နေကြသည်။
အကြမ်းဖက်စစ်ကော်မရှင်မှ အောင်လင်းဒွေးက နေပြည်တော်အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (PR) တွင်လည်းကောင်း၊ ညိုစောက ကိုကိုးကျွန်း ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှလည်းကောင်း၊ မြထွန်းဦးက ပြင်ဦးလွင်မြို့နယ် ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်မှ လည်းကောင်း ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ဒုတိယဗိုလ်ချုပ်ကြီးဟောင်း သက်ပုံက စစ်ကိုင်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း စိုးတင့်နိုင်က မကွေးမြို့နယ် မဲဆန္ဒနယ်၊ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ကံမြင့်သန်းက မအူပင်မြို့နယ် မဲဆန္ဒနယ်၊ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မျိုးသိန်းဇော်က ပေါက်ခေါင်းမြို့နယ် မဲဆန္ဒနယ်တွေက ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။
ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ခင်ရီက ဇေယျာသီရိမြို့နယ်၊ အငြိမ်းစားဗိုလ်ချုပ်ကြီးတင်အောင်စန်းက ဥတ္တရသီရိမြို့နယ်၊ မင်းကင်းမောင်မြင့်က ဇမ္ဗူသီရိမြို့နယ် မဲဆန္ဒနယ်၊ အငြိမ်းစားဗိုလ်ချုပ်ကြီးမြတ်ဟိန်းက ဒက္ခိဏသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်တွင် ဘူးလက်လှဆွေ၊ ဗိုလ်ချုပ်ဟောင်း မောင်မောင်အုန်းက တပ်ကုန်းမြို့နယ် မဲဆန္ဒနယ်တို့တွင် အသီးသီးယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရှိရသည်။
စစ်တပ်က ကြံ့ဖွတ်ပါတီသို့ ဗိုလ်ချုပ်ကြီးအဆင့်မှ တပ်ကြပ်ကြီးစာရေးအဆင့်အထိ ၄၈၉ ဦး စေလွှတ်ခဲ့ပြီး စစ်တပ်မှ ဗိုလ်ချုပ်ကြီး ၁ ဦး ၊ ဒုဗိုလ်ချုပ်ကြီး ၆ ဦး ၊ ဗိုလ်ချုပ် ၁၂ ဦး၊ ဗိုလ်မှူးချုပ်၊ဗိုလ်မှူးကြီးနှင့်ဒုဗိုလ်မှူးကြီး ၃၀၀ ဦး ၊ ဗိုလ်ကြီးနှင့်ဗိုလ်မှူး ၁၁၀ ဦး၊ ရုံးအုပ်မှ တပ်ကြပ်ကြီးစာရေးအထိ အခြားအဆင့် ၆၀ ဦး စေလွှတ်ခဲ့ကြောင်း၊ စစ်တပ်ထိပ်တန်းအရာရှိကြီးများမှာ ကြံ့ဖွတ်ပါတီ၏ အမတ်လောင်းများအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရှိသည်။