တောင်ကြီးမြို့တွင် တန်ဆောင်မုန်းလပြည့်နေ သူခိုးကြီးည အပျော်တန်းကြက်လာခိုးသူကို ပြည်သူရှေ့ဆောင်ပါတီမှ အမတ်လောင်း စိုင်းရွှေထီး နှင့်သားဖြစ်သူက ရိုက်သတ်သဖြင့် လူသတ်မှုဖြင့် အမတ်လောင်းသားအဖ အဖမ်းခံရ
ရန်ကုန်၊နိုဝင်ဘာ ၆



ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့တွင် တန်ဆောင်မုန်းလပြည့်နေ့ သူခိုးကြီးည အပျော်တန်း ကြက်လာခိုးသူကို ပြည်သူ့ရှေ့ဆောင်ပါတီ-PPP မှ ရှမ်းပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမတ်လောင်း စိုင်းရွှေထီး နှင့် သားဖြစ် စိုင်းကျော်စိုးမိုးတို့က ထိုးကြိတ်ရိုက်နှက်ရာမှ သေဆုံးသွားကြောင်း တောင်ကြီးရဲသတင်းရင်းမြစ်ကပြောသည်။
နိုဝင်ဘာ ၅ ရက် နံနက် ၂ နာရီ ၃၀ မိနစ်ခန့်က တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ ရပ်ကွက် ၁ နယ်မြေ ၂ တွင်နေသည့် လော်တာ ခေါ် စိုင်းထွန်းဆာက လွှတ်တော်ကိုယ်စားလှယ်လောင်း စိုင်းရွှေထီး၏ ခြံထဲရှိ ကြက်ကို ဝင်ခိုးခဲ့ရာတွင် သားအဖ ၂ ယောက်က တုတ်ဖြင့် ဝိုင်းဝန်းရိုက်နှက်ခဲ့သည့်အတွက် သေဆုံးသွားခြင်း ဖြစ်ကြောင်း ရဲသတင်းရင်းမြစ်ကပြောသည်။
PPP ပါတီ အမတ်လောင်း စိုင်းရွှေထီး နှင့် သားဖြစ် စိုင်းကျော်စိုးမိုးတို့၏ ရိုက်နှက်မှုကြောင့် လော်တာခေါ် စိုင်းထွန်းဆာသည် နေအိမ်ရှေ့ ကွန်ကရစ်ခင်းထားသည့် ရေမြောင်းပေါ် တွင် ပက်လက်အနေအထားနှင့် နဖူးပေါက်ပြဲသွေးထွက်ဒဏ်ရာများဖြင့် လဲကျသေဆုံးသဖြင့် တောင်ကြီးမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ- ၃၀၂/၁၁၄ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
စိုင်းရွှေထီးသည် PPP ပါတီကို ကိုယ်စားပြု၍ တောင်ကြီးမြို့ မဲဆန္ဒနယ် အမှတ် ၁ မှ ဝင်ရောက်ယှဉ်ပြိုင်ရန် အမတ်လောင်း အဖြစ် မှတ်ပုံတင်ထားသူဖြစ်သည်။