သာကေတမြို့နယ် ရဲစခန်းကို ဖောက်ခွဲ တိုက်ခိုက်မှု ရဲ ၃ ဦး ထိခိုက်ဒဏ်ရာရပြီး ၁ ဦး စိုးရိမ်ရ

သာကေတမြို့နယ် ရဲစခန်းကို ဖောက်ခွဲ တိုက်ခိုက်မှု ရဲ ၃ ဦး ထိခိုက်ဒဏ်ရာရပြီး ၁ ဦး စိုးရိမ်ရ
ရန်ကုန်၊ နိုဝင်ဘာ ၂
ရန်ကုန်တိုင်း၊ သာကေတမြို့နယ် ရဲစခန်းကို ဖောက်ခွဲ တိုက်ခိုက်ရာ ရဲ ၃ ဦး ထိခိုက်ဒဏ်ရာရပြီး ၁ ဦး စိုးရိမ်ရကြောင်း မြို့ပြကြွက် အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၁ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် သာကေတမြို့နယ် ရဲစခန်းကို လက်လုပ်ဗုံး၊ လက်ပစ်ဗုံးများဖြင့် တော်လှန်ရေး ရဲဘော်များက ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုအတွင်း ရဲ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၁ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း၊ ပေါက်ကွဲမှုဖြစ်ပြီးနောက် အကြမ်းဖက် စစ်တပ်ဘက်က ရမ်းသမ်း ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“အဲတိုက်ခိုက်မှုမှာ ၃ ယောက်ထိထားတယ်။ ၁ ယောက် ကတော့ ဒဏ်ရာ ပြင်းထန်တယ်။ ည ၁၁ နာရီကျော်လောက်မှာ ဆေးရုံကား ရဲစခန်းထဲဝင်သွားတာ တွေ့တယ်လို့‌ ဒေသပြည်သူတွေက ပြောဆိုတယ်” ဟု မြို့ပြကြွက် အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
ဆက်လက်၍ ပြည်သူအပေါ် ဖိနှိပ်ရန်ရှာနေသည့ အကြမ်းဖက် စစ်အုပ်စု၏ လက်ပါးစေ၊ ဒေါက်တိုင်များကို အချိန်နေရာ မရွေး တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း မြို့ပြကြွက်အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။