သာကေတရဲစခန်းကို မြို့ပြအဖွဲ့တိုက်ခိုက်

သာကေတရဲစခန်းကို မြို့ပြအဖွဲ့တိုက်ခိုက်
နိုဝင်ဘာ-၂၊၂၀၂၅။သတိုး/People’s Spring
ရန်ကုန်မြို့၊သာကေတမြို့နယ်ရဲစခန်းကို လက်လုပ်မိုင်းတွေ၊ လက်ပစ်ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံ ရဲတွေ ထိခိုက်မှုရှိတယ်လို့ မြို့ပြကြွက်အဖွဲ့တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။
“ဗုံးနှစ်လုံး ၊ လက်လုပ်မိုင်း နှစ်လုံးပါ။ ရဲစခန်းဝင်းအထိရောက်ပါတယ်”လို့ စစ်ဆင်ရေးနဲ့ပတ်သက်ပြီးပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို နိုဝင်ဘာ ၁ ရက်ည ၁၀နာရီခွဲခန့်မှာ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ရဲစခန်းဘက်က ပြန်လည်ပစ်ခတ်မှုတွေရှိပေမယ့် ရဲဘော်အားလုံးဘေးကင်းတယ်လို့ ဆိုပါတယ်။
“ရခ သုံးယောက်ထိ ၊ တစ်ဦးဒဏ်ရာပြင်းထန်လို့ သတင်းရထားပါတယ်” လို့ အထက်ပါတာဝန်ရှိသူကပြောပါတယ်။
ဖြစ်စဉ်မှာ ထိခိုက်မှုနဲ့ပတ်သက်လို့ လူထုနွေဦးအနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိပါဘူး။
မြေပြင်သတင်းတွေကို ဖော်ပြလေ့ရှိတဲ့ Hlaing Infoရဲ့ တယ်လီဂရန်စာမျက်နှာမှာတော့ နိုဝင်ဘာ ၁ ရက်ညက ရဲစခန်းဘက်မှာ ပေါက်ကွဲသံ သုံးချက်လောက်ကြားရတယ်လို့ ဒေသခံသတင်းပေးပို့ချက်ကို ဖော်ပြထားပါတယ်။
မြို့ပြကြွက်အနေနဲ့ စစ်ကောင်စီအပါအဝင်ထောက်တိုင်တွေနဲ့ စစ်ကောင်စီနဲ့ပူးပေါင်းပြီး ပြည်သူအပေါ် ဖိအားပေးလုပ်ဆောင်နေသူတွေကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
“ကျွန်တော်တို့ UG တွေအနေနဲ့ စကစအနီးမှာ အမြဲရှိနေပြီး တိုက်ခိုက်သွားမှာပါ” လို့ အဖွဲ့တာဝန်ရှိသူကပြောပါတယ်။
သာကေတမြို့နယ်၊ ဧရာဝဏ်လမ်းရှိ အမှတ် ၂ နယ်မြေရဲစခန်း။
ဓာတ်ပုံ – CJ