ငဖဲမြို့နယ်၊ နတ်ရေကန် ဗျူဟာကုန်းသို့ လာသည့် စစ်ကူစစ်ကြောင်းများကို ပိတ်ဆို့ တိုက်ခိုက်မှု စစ်သားများ သေဆုံးပြီး ၂၆ ဦးအရှင်ဖမ်းမိ၊ လက်နက်ခဲယမ်းနှင့်စစ်အသုံးအဆောင်များ သိမ်းမိ

ငဖဲမြို့နယ်၊ နတ်ရေကန် ဗျူဟာကုန်းသို့ လာသည့် စစ်ကူစစ်ကြောင်းများကို ပိတ်ဆို့ တိုက်ခိုက်မှု စစ်သားများ သေဆုံးပြီး ၂၆ ဦးအရှင်ဖမ်းမိ၊ လက်နက်ခဲယမ်းနှင့်စစ်အသုံးအဆောင်များ သိမ်းမိ
ရန်ကုန်၊ နိုဝင်ဘာလ ၂
မကွေးတိုင်း၊ ငဖဲမြို့နယ်၊

နတ်ရေကန် ဗျူဟာကုန်းသို့ စစ်ကူပို့ စစ်တပ်စစ်ကြောင်းများကို ၂ လကြာ ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်သား အများအပြားသေဆုံးပြီး ၂၆ ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်များ လည်း သိမ်းဆည်းရရှိခဲ့ကြောင်း CDF – Asho က သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ ဆလိုင်း ရိုချင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
စက်တင်ဘာလ လဆန်းမှ စ၍ ငဖဲမြို့နယ်၊ နတ်ရေကန် ဗျူဟာစခန်းသို့ အမှတ် ၉၀၅ အမြောက်စခန်းကွပ်ကဲမှု ဌာနချုပ်တွင် အင်အားစုဖွဲ့ တက်လာသော စစ်တပ်စစ်ကြောင်းများကို ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho) အပါအဝင် တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့ များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်သား အများအပြား သေဆုံးပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။
“မစခ ၉၀၅ မှာစုဖွဲ့ပြီး အင်အားတွေစုဖွဲ့ပြီးပို့တာပါ။ လက်ရှိအချိန်အထိ တိုက်ပွဲပြင်းထန်နေဆဲပါပဲ။ စစ်အာဏာသိမ်းတာ ၅ နှစ်ပြည့်ကာခါနီးကာလမှာ တော်လှန်ရေးတပ်ဖွဲ့တွေ အချင်းချင်း ပွတ်တိုက်မှု တွေ၊ တော်လှန်ရေးတပ်ဖွဲ့အချင်းချင်း မညီညွတ်မှုတွေကြုံတဲ့အခါမှာ ပြည်သူတွေအနေနဲ့ စိတ်ပိုင်း ဆိုင်ရာ ထိခိုက်မှုတွေရှိပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ ဝေဖန်တိုက် ခိုက်တာမျိုး မဟုတ်ဘဲနဲ့ ထောက်ပြတာမျိုးဖြစ်အောင်၊ စစ်အာဏာရှင် ကျဆုံးမှုဆိုတဲ့ တကယ်ဦးတည်တဲ့တော်လှန်ရေးတပ်ဖွဲ့ တွေဖြစ်လာအောင်၊ တော်လှန်ရေးတပ်သားတွေဖြစ်လာအောင် အကြံပြုချက်တွေ ပေးစေချင်ပါ တယ်၊‌ တော်လှန်ရေးတပ်ဖွဲ့တွေကို ကြောက်ရွံ့စရာမဟုတ်ဘဲနဲ့ ဝေဖန်ထောက်ပြရဲတဲ့ ပြည်သူတွေ လည်း အများကြီး ထွက်ပေါ်လာစေချင်ပါတယ်” ဟု CDF – Asho က သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ ဆလိုင်း ရိုချင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
စစ်တပ်က နတ်ရေကန်စခန်းဗျူဟာကုန်း မကျရှုံးရေးအတွက် လေ ကြောင်း ပစ်ကူ၊ လက်နက်ကြီးပစ်ကူများ အဆက်မပြတ်ပေးနေသော်လည်း တော်လှန်ရေး မဟာ မိတ်တပ်များက အဆက်မပြတ် ထိုးစစ်ဆင်နေဆဲဖြစ်ကြောင်း၊ စက်တင်ဘာလမှ အောက်တိုဘာလကုန် အထိ ၂ လတာ အတွင်း CDF – Asho မှ တပ်ဖွဲ့ဝင် ၂ ဦး အသက်ပေးလှူခဲ့ရကာ ခြေလက်အင်္ဂါ ဆုံးရှုံးသူ ၂ ဦးနှင့် အခြားထိခိုက်ဒဏ်ရာရရှိသူ ၇ ဦး ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ၂ လတာတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်တပ်မှ စစ်မှုထမ်းတပ်သားသစ်များ အပါအဝင် စစ်သား ၂၆ ဦး အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း၊ ထို့အပြင် နတ်ရေကန် လမ်းဟောင်းတစ် လျှောက် နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဉ် လက်နက်ငယ် ၄ လက်နှင့် ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
“လက်နက်ကိုင်လမ်းစဉ်ကို စွဲကိုင်လာကြပြီးတော့ လက်နက်နဲ့ ရန်သူကို ခုခံတိုက်ခိုက်ခဲ့ကြတာ ၃ နှစ် ကျော် ၄ နှစ်နီးပါးရှိခဲ့ပြီးတော့ စစ်ရေးအတွေ့အကြုံတွေ၊ တိုက်ပွဲအတွေ့အကြုံတွေ ပြီးတော့ စစ် တိုက်ခြင်းကြောင့် ဖြစ်လာတဲ့ ပွတ်တိုက်မှုတွေ၊ တော်လှန်ရေးတပ်ဖွဲ့အချင်းချင်းကြားကြုံတွေ့ရတဲ့ အရာတွေကို ပြန်လည်သုံးသပ်ကြပြီးတော့ စစ်အာဏာရှင် ကျဆုံးမှုကိုပဲ ဦးတည်ပြီး ပူးပေါင်းစေချင် တယ်။ နောက်ပြီးတော့ စစ်အာဏာရှင် ကျဆုံးဖို့အတွက် နောက်ထပ်နောက်ထပ်သော အနှောင်အဖွဲ့ တွေမပါပဲနဲ့ ရိုးရှင်းစွာနဲ့ပဲ တစ်ယောက်နဲ့တစ်ယောက် သဘောထားကြီးပြီးတော့ ပူးပေါင်းလုပ်ဆောင် ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေကို ကျနော့်အနေနဲ့ အကြုံတိုက်တွန်းချင်ပါတယ်။ ကျနော့်အနေနဲ့ လည်း ဒီမူကိုကိုင်စွဲပြီးတော့ပဲ အတတ်နိုင်ဆုံး‌ တော်လှန်ရေးတပ်ဖွဲ့အချင်းချင်းအပေါ် ရိုးသား နိုင်သ လောက်ရိုးသားပြီးတော့ ပူးပေါင်းဆောင်ရွက်တာရှိပါတယ်” ဟု CDF – Asho က သတင်းနှင့်ပြန် ကြားရေး တာဝန်ရှိသူ ဆလိုင်း ရိုချင်း က ပြောဆိုသည်။
AA ဦးဆောင်သော တော်လှန်ရေးမဟာမိတ်တပ်များက ငဖဲမြို့နယ်အတွင်းရှိ စစ်တပ်၏ နတ်ရေဗျူဟာကုန်းစစ်စခန်းကို အပြီး သတ်သိမ်းပိုက်နိုင်ရေး အပြင်းအထန် ထိုးစစ်ဆင်နေပြီး ကာကင်းစခန်းအများစု သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း AA က တရားဝင် သတင်းထုတ်ပြန်ထားသည်။