သက်သက်ခိုင် မိသားစုပိုင် အမေရိကန်ဒေါ်လာ ၁၈၅ သန်းတန် 68 Resident အိမ်ရာစီမံကိန်း NLD အစိုးရကြောင့် စီးပွားပျက်အထိနာခဲ့ဟုဆို 🟥 KBZ ဘဏ်တွင် အကြွေးရှိသော်လည်း ပြန်ဆပ်နေ၍ အမတ်အဖြစ် ဝင်ပြိုင်ခွင့်ပေးရန် မင်းအောင်လှိုင်ထံ အသနားခံစာတင်ထားဟု သက်သက်ခိုင်ပြော

သက်သက်ခိုင် မိသားစုပိုင် အမေရိကန်ဒေါ်လာ ၁၈၅ သန်းတန် 68 Resident အိမ်ရာစီမံကိန်း NLD အစိုးရကြောင့် စီးပွားပျက်အထိနာခဲ့ဟုဆို
🟥 KBZ ဘဏ်တွင် အကြွေးရှိသော်လည်း ပြန်ဆပ်နေ၍ အမတ်အဖြစ် ဝင်ပြိုင်ခွင့်ပေးရန် မင်းအောင်လှိုင်ထံ အသနားခံစာတင်ထားဟု သက်သက်ခိုင်ပြော
ရန်ကုန်၊ နိုဝင်ဘာ ၂
ရန်ကုန်မြို့တွင် ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ သက်သက်ခိုင် မိသားစုပိုင် အမေရိကန်ဒေါ်လာ ၁၈၅ သန်းတန် 68 Resident အိမ်ရာစီမံကိန်းမှာ NLD အစိုးရကြောင့် စီးပွားပျက်အထိနာခဲ့ကြောင်း သက်သက်ခိုင်က ယမန်နေ့ ရန်ကုန်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ ထုတ်ဖော်ပြောဆိုသည်။
ရန်ကုန်မြို့တွင် 68 Resident ခေါ် အမေရိကန်ဒေါ်လာ သန်း ၁၈၅ သန်း ငွေကျပ်အားဖြင့် ဘီလီယံ ၇၄၀ တန် အိမ်ရာစီမံကိန်းကို NLD အစိုးရလက်ထက်တွင် စီးပွားရေးများ ဖွံ့ဖြိုးတိုးတက်လာမည်ဆိုသော ယူဆချက်ဖြင့် အကောင်အထည်ဖော်ခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ်တွင် မြေကြီးရှင်းလင်းခြင်းလုပ်ဆောင်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် NLD အစိုးရ၏ လက်အောက်ခံ ရန်ကုန် တိုင်းအစိုးရက အထပ်မြင့်တိုက်တာများကို ၁၁ လ ပိတ်ခဲ့ကြောင်း၊ ထိုသို့ ရန်ကုန်တိုင်းအစိုးရက လုပ်ဆောင်ခဲ့သဖြင့် မိသားစုပိုင် စီးပွားရေးဖြစ်သော 68 Resident အိမ်ရာစီမံကိန်းမှာ အထိနာသွားခဲ့ရကြောင်း သက်သက်ခိုင်က ဆိုသည်။
“သမ္မတဦးသိန်းစိန်လက်ထက်မှာ ပထမဦးဆုံးအကြိမ် နှစ် ၅၀ ကျော်အတွင်းမှာ ဒါ ရွေးကောက်ပွဲနဲ့တက်လာတဲ့ ရွေးကောက်ခံအစိုးရ။ ပြီးတော့ စီးပွားရေးလည်း နားလည်တဲ့အစိုးရ၊ နိုင်ငံတကာဆက်ဆံရေးတွေ ကောင်းပြီးတော့ စီးပွားရေး တအားကောင်းတာပေါ့။ ပြည်သူလူထုလည်း စိတ်ချမ်းသာတာပေါ့။ အဲဒီအချိန်မှာ ကျမတို့က နောက်ရွေးကောက်ပွဲပြီးရင်လည်း NLD က သေချာပေါက် လာမှာပဲ။ လာလို့ရှိရင် ကျမတို့ မြန်မာနိုင်ငံ နောက်တစ်ဆင့် ထပ်တက်ပြီးတော့ စီးပွားရေး တိုးတက်မယ်လို့ ယူဆခဲ့ပြီးတော့ စီမံကိန်းကို ဆောင်ရွက်ခဲ့တာပါ။ ဆောင်ရွက်ခဲ့ပေမယ့် စီမံကိန်းက ၂၀၁၅ မှာ မြေကြီးစကိုင်တယ်လေ။ ၂၀၁၆ တက်လာတဲ့ ရန်ကုန်တိုင်းအစိုးရကနေပြီးတော့ အထပ်မြင့်တွေကို ပိတ်တယ်ဆိုပြီးတော့ ၁၁ လပိတ်လိုက်တဲ့အချိန်မှာ ကျမတို့က ပရောဂျက် စစချင်းပဲ တော်တော်လေး အထိနာပြီးတော့ အဲဒီနောက်ပိုင်းကျ ဘာဖြစ်လဲဆိုတော့ ၂၀၁၆-၂၀၁၇ မှာ US- China Trade War ဖြစ်တယ်။ အဲဒီအချိန်မှာ ဒေါ်လာစျေးက ပိုပိုတက်လာတယ်” ဟု သက်သက်ခိုင်က ဆိုသည်။
ယင်းနောက် ဒေါ်လာစျေးမှာ တရိပ်ရိပ်တက်လာပြီး ကိုဗစ်ကပ်ရောဂါဖြစ်ကြောင်း၊ ယင်းနောက် နိုင်ငံရေးအပြောင်းအလဲဖြစ်ကြောင်း၊ ထို့ကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်ခဲ့ပြီး ကမ္ဘောဇ ဘဏ်ချေးငွေများ ယူခဲ့ရကြောင်း၊ ထိုသို့ ဘဏ်ချေးငွေ ယူခဲ့ရမှုကြောင့် အတိုးနောက်ကျမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ကြိုးစား၍ ဆပ်ခဲ့ရကြောင်း၊ အမတ်လောင်းဝင်ပြိုင်ချိန်တွင် ရွေးကောက်ပွဲကော်မရှင်က ခေါ်ယူတွေ့ဆုံ၍ သိန်းပေါင်း ၅ သောင်းကို ရက်ပိုင်းအတွင်း ကမ္ဘောဇဘဏ်သို့ ပေးသွင်းခဲ့ကြောင်း၊ ထို့ကြောင့် အမတ်လောင်းအဖြစ် ဝင်ပြိုင်ခွင့်ပေးရန် အသနားခံစာတင်ထားပြီး စောင့်ဆိုင်းနေကြောင်း၊ အသနားခံစာကို ရွေးကောက်ပွဲကော်မရှင်နှင့် မင်းအောင်လှိုင်ထံသို့ တင်ပြထားကြောင်း သက်သက်ခိုင်က ဆိုသည်။
“ကျမတို့ တကယ်ပရောဂျက်ကိုစပြီးတော့ လုပ်တုန်းက တစ်ဒေါ်လာကို ၉၇၀ စျေး။ နောက်တော့ ၁၈၅၀ ဖြစ်တယ်။ နောက်ကျတော့ တစ်ဆက်တည်းပဲ ကိုဗစ်ကပ်ရောဂါဖြစ်တယ်။ ကိုဗစ်ကပ်ရောဂါက ၂ နှစ်ကျော်လောက် ကြာသွားတယ်။ ကိုဗစ်ကပ်ရောဂါမပြီးခင်ပဲ နိုင်ငံရေး အပြောင်းအလဲဖြစ်တယ်။ နိုင်ငံရေး အပြောင်းအလဲဖြစ်တဲ့အချိန်မှာ ကျမတို့ ပိုပြီးတော့မှ ဒေါ်လာစျေး ပိုတက်လာတဲ့အချိန်မှာ ကျမတို့လုပ်ငန်းက တော်တော်လေးထိခိုက်သွားတယ်။ စီးပွားရေး လုပ်ရင် စွန့်စားရမှုက ၃ ဆင့်ရှိတယ်။ ပထမအဆင့်က စီးပွားရေးလုပ်တဲ့သူကိုယ်တိုင်က မကျွမ်းကျင်ဘဲ စီမံခန့်ခွဲမှုမတတ်ဘဲ မပိုင်နိုင်ဘဲ လုပ်တာပေါ့ ရှင့်။ ဒါမျိုးဆိုရင် Business Risk ခေါ်တာပေါ့။ ဒုတိယကြီးတဲ့ Risk က ဘာလဲဆိုရင် Market Risk ပေါ့။ ဒီစျေးကွက်ကြီး ပြိုလဲသွားတာ။ အဲဒါက ရန်ကုန်တိုင်းအစိုးရကနေပြီးတော့ အထပ်မြင့်တွေ ပိတ်တယ်ဆိုတုန်းက ဖြစ်သွားတာ။ နောက်ပိုင်း ဘာဖြစ်လဲဆိုရင် Country Risk ပေါ့။ Political Risk ပေါ့။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေကလည်း ကျမတို့လို စီမံကိန်းမျိုးမှာ လာပြီးတော့ စီမံကိန်းကိုတော့ ကြိုက်တယ်။ မြန်မာနိုင်ငံမို့လို့ မြန်မာနိုင်ငံကိုလာဖို့ မစဉ်းစားသေးဘူးဆိုတဲ့ ပုံစံရှိတာပေါ့။ ပရောဂျက်တန်းဖိုက အမေရိကန်ဒေါ်လာ သန်း ၁၈၅ သန်း၊ ကျပ်ငွေအားဖြင့် ၇၄၀ ဘီလီယံတန်တယ်” ဟု သက်သက်ခိုင်က ဆိုသည်။
လက်ရှိတွင် အမတ်လောင်းအဖြစ် စာရင်းနှင့် နာမည်စာရင်းပါပြီးမှ အဖြုတ်ခံရခြင်းမှာ တိုင်ကြားမှုကြောင့် ဖြစ်နိုင်ကြောင်း၊ မိမိအနေဖြင့် ကမ္ဘောဇဘဏ်တွင် ကျန်ရှိနေသော အကြွေးများကို ၈ နှစ်တန်သည်၊ ၁၀ နှစ်တန်သည်ဖြစ်စေ ဆပ်သွားမည်ဖြစ်ကြောင်း၊ စီးပွားရေးများ မကောင်း၍ လုပ်ငန်းများ မလည်ပတ်နိုင်ကြောင်း၊ စီးပွားရေးသမားတိုင်း အကြွေးမကင်းကြောင်း၊ အမတ်လောင်းအဖြစ် ဝင်ပြိုင်ချင်လွန်း၍ အသနားခံစာကို တုံ့ပြန်လာမည်ကို စောင့်ဆိုင်းနေကြောင်း သက်သက်ခိုင်က ပြောဆိုသွားသည်။
ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ သက်သက်ခိုင်တွင် အကြွေးပေးရန် ရှိနေသော အချက်ကြောင့် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ဖျက်လိုက်ကြောင်း စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ကအောက်တိုဘာလ ၂၅ ရက်နေ့တွင် ကြေညာခဲ့သည်။
ရန်ကုန်တိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ တွင် အမည်စာရင်းတင်သွင်းထားသည့် ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ သက်သက်ခိုင်သည် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၈ (ဃ)ပါ ပြဋ္ဌာန်းချက်နှင့် ငြိစွန်းသဖြင့် ကိုယ် စားလှယ်လောင်းစာရင်းမှ ပယ်ဖျက်လိုက်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာသည်။
ကမ္ဘာအေးဘုရားလမ်းနှင့်ဆရာစံလမ်းထောင့်ရှိ 68 Residence အိမ်ရာစီမံ ကိန်းကို သက်သက်ခိုင်နှင့်အောင်ကျော်ဝင်းတို့က ကမ္ဘောဇဘဏ်ထံမှ ငွေကျပ် ဘီလီယံ ၁၀၀ ကျော် ချေးငှားခဲ့ကြောင်း၊ သို့ရာတွင် 68 Residence အိမ်ရာစီမံကိန်းမှာ အချိန်မီ ပြီးစီးခြင်းမရှိခြင်း၊ အခန်းအပ်နိုင်ခြင်းမရှိခဲ့ကြောင်း၊ ထို့ပြင် ကမ္ဘောဇဘဏ်မှ ချေးယူထားသော ငွေကျပ် ဘီလီယံ ၁၀၀ ကျော်မှာလည်း ပြန်လည် ပေးဆပ်နိုင်ခြင်းမရှိကြောင်း သိရှိရသည်။
စစ်တပ်က ပြင်ဆင်ထားသော ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ အခန်း ၅ ပုဒ်မ ၈ (ဃ) ပါ လွှတ်တော်ကိုယ်စားလှယ် အရည်အချင်းသတ်မှတ်ချက်တွင် နိုင်ငံတော်နှင့် ပုဂ္ဂလိက သို့ မသင့်လျော်သည့် ပေးရန် တာဝန်ကင်းရှင်းသူများ ဟု ပြဋ္ဌာန်းထားရာ သက်သက်ခိုင်မှာ ကမ္ဘောဇဘဏ်သို့ ငွေကျပ် ဘီလီယံ ၁၀၀ ကျော် အကြွေးပေးရန် ရှိနေ၍ အဆိုပါ ဥပဒေပုဒ်မနှင့်လည်း ငြိစွန်းနေကြောင်း သိရှိရသည်။
သက်သက်ခိုင်အပါအဝင် လွှတ်တော်ကိုယ်စားလှယ်လောင်း ၈၆ ဦးကို လွှတ် တော်ကိုယ်စားလှယ်လောင်းအရည်အချင်း သတ်မှတ်ချက်များနှင့် မပြည့်မီသဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ်မှ ပယ်ဖျက်လိုက်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။
ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ သက်သက်ခိုင်မှာ လာမည့် စစ်တပ်က ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း၊ အမျိုး သားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ မှ ဝင်ရောက်ယှဉ်ပြိုင်ရန် လျှောက်လွှာတင်သွင်းခဲ့ပြီး ၎င်း၏ မဲဆန္ဒနယ်တွင် ဗဟန်း၊ ကမာရွတ်၊ အလုံ၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ လှိုင်၊ မရမ်းကုန်း မြောက်ဥက္ကလာပမြို့နယ်တို့ပါဝင်သည်။
သက်သက်ခိုင်၏ ပါတီမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။
သက်သက်ခိုင်သည် ၂၀၁၅ ခုနှစ်တွင် NLD ပါတီ၏ ဒဂုံမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် NLD ပါတီမှ နုတ်ထွက်ခဲ့သူဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် ပြည်သူ့ရှေ့ဆောင်ပါတီ ထူထောင်ခဲ့ ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် သက်သက်ခိုင်၏ ပြည်သူ့ရှေ့ဆောင်ပါတီမှာ အမတ်နေရာ တစ်ခုမှ အနိုင်မရရှိဘဲ ခွက်ခွက်လန်အောင် ရှုံးနိမ်ခဲ့သည်။
သက်သက်ခိုင်မှာ ၂၀၂၁ အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဖြစ်လာခဲ့ပြီး ၂၀၂၃ ဩဂုတ် ၃ရက်တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး အဖြစ် ပြောင်းလဲခန့်အပ် ခံရကာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ ဝန်ကြီးရာထူးတာဝန်များမှ အနားပေးခံခဲ့ရသည်။